International News

တရုတ်နိုင်ငံ၏ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းထုတ်လုပ်မှုက ထိုင်းနိုင်ငံ၏ ပီလောပီနံတင်ပို့မှု အပေါ် သက်ရောက်ဖွယ်ရှိ

Last Updated:

တရုတ်နိုင်ငံ၌ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံများအား စိုက်ပျိုးထုတ်လုပ်မှုမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး တိရစ္ဆာန်မွေးမြူရေး အစားအစာနှင့် အီသနောလောင်စာ ထုတ်လုပ်ရာတွင် ပီလောပီနံမှုန့်၏ နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် အလားအလာများရှိနေသဖြင့် ထိုင်းနိုင်ငံရှိ လယ်သမားများနှင့် ပီလောပီနံစိုက်ပျိုးသူများအနေဖြင့် ဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ထိုင်းကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာရုံး (TPSO) က သတိပေးချက်ထုတ်ပြန်ထားပါသည်။

TPSO ရုံးမှ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က တရုတ်နိုင်ငံအနေဖြင့် အဓိက ပိုးမွှားများကို ခုခံနိုင်စွမ်းရှိသော မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံများ ထုတ်လုပ်နိုင်ရေး ၎င်း၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများမှာ ၁၉၉၇ ခုနှစ်၌ အောင်မြင်မှုရရှိခဲ့ကြောင်း၊ မျိုးဗီဇပြုပြင်ထားသည့် အပင်များ၏ အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုတို့ကို သေချာခိုင်မာစေရန်အတွက်လည်း စိုက်ခင်းများ၌ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၄ ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု အစီအစဉ်နှင့်အညီ စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ရန်၊ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းဖြင့် ဖူလုံမှုရရှိရန်၊ ပိုးသတ်ဆေးသုံးစွဲရမှုကို လျှော့ချရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျော့ကျစေခြင်းဖြင့် တောင်သူလယ်သမားများကို အထောက်အပံ့ပြုရန် ရည်ရွယ်လျက် မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများ သုတေသနပြု ထုတ်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုက ဈေးကွက်ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံများ တင်သွင်းခြင်းကိုလည်း တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ် ၈ ခုတွင် ကုမ္ပဏီနှင့် သုတေသနအေဂျင်စီပေါင်း ၂၄ ခုက ထုတ်လုပ်သော မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံ မျိုးကွဲ ၃၇ မျိုးကို စိုက်ပျိုးထုတ်လုပ်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ အစိုးရက ခွင့်ပြုခဲ့သည်။ တရုတ်နိုင်ငံတွင် မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများ စိုက်ပျိုးမှုဧရိယာမှာ ၂၀၂၃ ခုနှစ်၌ ရိုင်ပေါင်း ၁၆.၇ သိန်း (ဧက ၆.၆ သိန်း) ခန့်ရှိရာမှ ယခုနှစ်တွင် ရိုင်ပေါင်း ၄၁.၇ သိန်းမှ ၆၂.၆ သိန်းအတွင်း (ဧက ၁၆.၄၉ သိန်းမှ ၂၄.၇၅ သိန်းအတွင်း) သို့ တိုးတက် လာဖွယ်ရှိသည်။

တရုတ်နိုင်ငံ၏ ပြောင်းသီးနှံစိုက်ပျိုးမှု ဧရိယာစုစုပေါင်းအနက် မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများ စိုက်ပျိုးမှုမှာ ၁% အောက်၌သာရှိသော်လည်း ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ပျမ်းမျှ အားဖြင့် ၁၀% မှ ၁၅% အထိ တိုးတက်လာနိုင်ကြောင်း အမေရိကန် ပြည်ပစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနက ခန့်မှန်းထားသည်။

သို့ဖြစ်ရာ ပြောင်းသီးနှံသည် ထိုင်းနိုင်ငံ၏ အဓိက စိုက်ပျိုးရေးပို့ကုန် မဟုတ်သော်လည်း တရုတ်နိုင်ငံ၏ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများ တိုးတက်ထုတ်လုပ်မှုသည် ၎င်း၏ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သောကြောင့် တရုတ်ဈေးကွက်သို့ ထိုင်းပီလောပီနံမှုန့် တင်ပို့မှုအပေါ် ထိခိုက်လာနိုင်ကြောင်း၊ မွေးမြူရေးအစာနှင့် အီသနောလောင်စာထုတ်လုပ်မှုတို့၌ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံသည် ပီလောပီနံ၏ ပြိုင်ဘက်တစ်ခုအဖြစ် ထွက်ပေါ်လာနိုင်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပီလောပီနံထုတ်ကုန်အတွက် တရုတ်နိုင်ငံ ကဲ့သို့သော ပို့ကုန်ဈေးကွက်အနည်းငယ်ကိုသာ အမှီပြုနေရခြင်းကို လျှော့ချသင့်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr Poonpong က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်နှစ် တင်သွင်းမှုပမာဏထက် ၂၇% ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ပြောင်းတန်ချိန် ၂၇.၁ သန်းခန့်ကို တင်သွင်းပြီး ကမ္ဘာ့ပြောင်းတင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာ ခဲ့သည်။ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများအားတင်ပို့သည့် ထိပ်တန်းနိုင်ငံနှစ်ခုမှာ ဘရာဇီးနှင့် အမေရိကန်တို့ဖြစ်ကြသည်။

၂၀၂၃ ခုနှစ်၌ ကမ္ဘာ့ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းဈေးကွက်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၆၄ ဘီလီယံခန့်ရှိကြောင်း၊ နည်းပညာများ ပိုမိုတိုးတက်လာမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူများ ပိုမိုများပြားလာမှုအရ ၂၀၃၀ ပြည့်နှစ်၌ ၎င်းဈေးကွက်အရွယ်အစားသည် ဒေါ်လာ ၃၈၄ ဘီလီယံအထိ ရောက်ရှိလာနိုင်ကြောင်း၊ တရုတ်နိုင်ငံ၌ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းများ ပိုမို တိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုက အနာဂတ်ကာလတွင် ကမ္ဘာ့ပြောင်းဈေးနှုန်းများ ကျဆင်းမှုကို ဖြစ် ပေါ်စေနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

Source: Bangkok Post, 28 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News