International News

အပူဒဏ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်မှုအရ ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများ မြင့်တက်

Last Updated:

ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ပျမ်းမျှဆန်ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများမှ ၂၆-၆-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည့် အချက်အလက်များအရ သိရှိရပြီး ယခင်နှစ် နွေရာသီ၌ ပုံမှန်မဟုတ်သော အပူချိန်မြင့်မားမှုကြောင့် ဆန်ထောက်ပံ့မှု လျော့ကျလာခြင်းနှင့် ဂျပန်နိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှု တိုးတက်လာပြီး ဝယ်လိုအားမြင့်မားလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ပညာရှင်များက ပြောဆိုကြသည်။

တိုကျိုမြို့ရှိ သတင်းအချက်အလက် ဝန်ဆောင်မှုဌာနတစ်ခုဖြစ်သည့် True Data Inc. ၏ ပြောကြားချက်အရ ဆန်စျေးနှုန်းသည် ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်း ၅ ကီလိုဂရမ် လျှင် ၁၉၇၈ ယန်း (၁၂ ဒေါ်လာ) သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းနှုန်းထားသည် ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်မှ ၁၉ ရက်အထိ ရက်သတ္တပတ်၌ ဖြစ် ပေါ်ခဲ့သော ဈေးနှုန်းထက် ၁၉၁ ယန်း ပိုမိုမြင့်တက်ခဲ့သည်။

ယခင်နှစ်ကာလ၌ နွေရာသီအပူရှိန်ကြောင့် စပါးစိုက်ပျိုးထုတ်လုပ်သူများအတွက် အခြေ အနေဆိုးရွားခဲ့ပြီး အဓိက စားသုံးသီးနှံဖြစ်သော စပါးရိတ်သိမ်းမှုမှာ ရှေ့ယခင် တစ်နှစ်ကထက် ဆန်တန်ချိန် ၉၁၀၀၀ လျော့နည်းလျက် တန်ချိန် ၆ ဒသမ ၆၁ သန်းသို့ ကျဆင်းထွက်ရှိခဲ့သည်။

ဆန်ရောင်းလိုအားနှင့် ဝယ်လိုအား ဟန်ချက်ညီမျှမှုသည် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်ကျပ်တည်းလာပြီး ထောက်ပံ့မှု ပြတ်တောက်ခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် ဆန်အထွက်ပမာဏအပေါ်မူတည်၍ စူပါမားကက်များတွင် ဆန်ဈေးနှုန်းများ မြင့်တက်မှုမှာ ဆက်လက်တည်ရှိနေနိုင်ကြောင်း ဆန်လက်ကားရောင်းဝယ်ရေးနယ်ပယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အချို့သော စားသောက်ဆိုင်များသည် ဆန်ဈေးတက်ခြင်းအပေါ် လိုအပ်သည့် စီမံဆောင်ရွက်မှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျပန်နိုင်ငံ၌ အမဲသားထမင်းပေါင်း ဆိုင်ခွဲများကို ဖွင့်လှစ်လုပ်ကိုင်နေသည့် အဓိကကုမ္ပဏီ တစ်ခုဖြစ်သော Yoshinoya Holdings သည် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့်ဆန်များကိုသာ  အသုံးပြုခဲ့ရာမှ ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှု၏ သက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းမှုအဖြစ် ယခုနွေဦးပေါက်ရာသီတွင် ဂျပန်ဆန်နှင့် နိုင်ငံခြားဆန်များအား ရောနှောသုံးစွဲမှုပုံစံသို့  ပြောင်းလဲ ခဲ့သည်ဟု အဆိုပါကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေမဟုတ်ကြောင်း နိုင်ငံတစ်ဝန်း ဆန်ဖြန့်ဖြူးသူများ၏ သမဝါယမအဖွဲ့တစ်ဖွဲ့က အလေးပေးပြောကြားခဲ့ပြီး စူပါမားကတ်များနှင့် စားသောက်ဆိုင်အချို့တွင် ပြတ်လပ်မှုများရှိသော်လည်း ထောက်ပံ့မှု လုံလုံလောက်လောက် ရှိနေသေးသည်ဟု ဆိုသည်။ ယခုနှစ်တွင် ပြည်တွင်း၀ယ်လိုအားနှင့် ကိုက်ညီစေရန် အဓိက စားနပ် ရိက္ခာဖြစ်သည့်ဆန်အား တန်ချိန်  ၆ ဒဿမ ၆၉ သန်းခန့် ရိတ်သိမ်းထုတ်လုပ်ရမည်ဖြစ်ကြောင်း ဂျပန် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၌ COVID-19 ကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်များ ဖယ်ရှားမှုနှင့်အတူ ယန်းငွေတန်ဖိုးအားနည်းလျက်ရှိခြင်းက ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်မှု တိုးမြင့် လာသည်ကို တွေ့မြင်ရသည်။ Japan Tourism Agency ၏ ၂၀၂၃ ခုနှစ်အတွက် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု အစီရင်ခံစာအရ ဂျပန်နိုင်ငံ၌ ရောက်ရှိလည်ပတ်စဉ်ကာလ အတွင်း နိုင်ငံခြားသားဧည့်သည်များအနေဖြင့်  ၎င်းတို့အဓိကလုပ်ဆောင်လိုသည့် ကိစ္စရပ်များအနက် ဂျပန်အစားအစာများ စားသုံးမှုကို ပထမဦးစားပေးနေရာတွင် ထားရှိကြောင်း သိရှိရသည်။

Source: SS Rice News, 27 June 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News