Local News

တစ်ရက်ကိုတန်ချိန် ၂၀ ထွက်မယ့် စားအုန်းဆီစက်ရုံ တနင်္သာရီတိုင်းအတွင်း တည်ဆောက်မယ်

Last Updated:

     တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာတစ်ရက်ကိုစာအုန်းဆီတန်ချိန် ၂၀ ထွက်ရှိမယ့်စက်ရုံကိုလာမယ့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတည်ဆောက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။ ယင်းစက်ရုံကိုတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်သလိုတနင်္သာရီတိုင်းအတွင်းဆီအုန်းစိုက်ဧက လေးသိန်းကျော်ရှိပြီး ဆီကြမ်းအများအပြားရှိပေမယ့် ဆီချောစက်ရုံမရှိလို့ ဒေသတွင်းဆီဖူလုံမှုဟာ သုညဒသမ ၂၅ ရာခိုင်နှုန်းသာရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးကဆိုထားပါတယ်။

   အဆိုပါ စားအုန်းဆီစက်ရုံတည်ဆောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံရှိ ဆီစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီးတစ်ရက်ကိုဆီတန်ချိန် ၁၀ တန် ထွက်ရှိမယ့်စက်ရုံတည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ သို့ပေမယ့် စက်ရုံတည်ဆောက်ရာမှာကုန်ကျစရိတ်ကွာဟမှုနည်းပါးတဲ့အတွက် ၁၀ တန်အစားတန်ချိန် ၂၀ ၊ ပိဿာချိန်အားဖြင့် ၁၂,၀၀၀ ထွက်ရှိမယ့်စားအုန်းဆီစက်ရုံ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာနှစ်စဉ် စားသုံးဖို့နဲ့လုပ်ငန်းသုံးဖို့အတွက် စားအုန်းဆီလိုအပ်ချက် တန်ချိန်က ၁ ဒသမ ၁ သန်းရှိပြီးဆီလိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်တဲ့ တန်ချိန် ၈ သိန်းခန့်ကိုနှစ်စဉ်ပြည်ပမှ တင်သွင်းနေရပြီး လက်ရှိနိုင်ငံခြားငွေလဲနှုန်းအပြောင်းအလဲကြောင့် စားအုန်းဆီလက်လီဈေးတွေဟာ နှစ်ဆနီးပါးမြင့်တက်နေကြောင်း သိရှိရပါသည်။

Source: https://t.me/htwettoe

Category: Local News