Local News

အသစ်ဝင်နှမ်းနက် အဝယ်သွက်နေသော်လည်း ပို့ကုန်ပဲနှင့် ပြည်တွင်းသုံးပဲမာလိုင်းများ ဈေးအေးနေ

Last Updated:

ရွှေမန်း

အသစ်ဝင်ရောက်လာသည့်  နှမ်းနက်မှာ တရုတ်လိုင်းအဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများ နှင့်ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးအေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။အောက်တိုဘာဆန်းပိုင်းတွင် အညာဖြစ်ရိုးတစ်လျှောက်မှ နှမ်းနက်များ အသစ်ဝင်ရောက်လာတာပြီး  လက်ရှိပေါက်ဈေးမှာလည်း အမြင့်ဈေးထက်အနည်းငယ်လျော့ ကျနေတာကြောင့်လည်း လှောင်လက်များ အဝယ်သွက်နေခြင်းဖြစ်သည်။

ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲအုပ်စု၊ ပဲမာလိုင်းများမှာ ဈေးအတက်အကျ မရှိဈေးတည်ငြိမ်နေကြောင်း၊  စားအုန်းဆီ တင်သွင်းမှုလျော့ချမှုနှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ချက်များကြောင့်လည်း ပြည်တွင်းမြေပဲဆီစက်များ ဝယ်လိုအားကောင်းနေတာကြောင့် မြေပဲဆံမှ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာ အသစ်ဝင်ရောက်လာသည့် နှမ်းနက်မှာ ဈေးအကောင်းကြီးမဟုတ်သော်လည်း ထိုက်သင့်သည့် ပေါက်ဈေးနှုန်းတစ်ခုဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

"ပို့ကုန်ပဲတွေနဲ့ ပြည်တွင်း ပဲမာလိုင်းကတော့ ဈေးအေးနေပါတယ်။  အသစ်ဝင်နှမ်းနက်ကတော့  တရုတ်ကုန်သည်တွေ  အဝယ်သွက်နေပါတယ်။  ပဲစင်းငုံကတော့  ပေါက်ဈေးသာရှိနေတာ  အဝယ်ကောင်းကောင်း မရှိသေးပါဘူး။  ပြည်တွင်းဆီလိုအပ်ချက်များနေ တော့ မြေပဲဆီစက်တွေ ပြန်လည် ပတ်နေလို့ မြေပဲဆံကတော့ အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားပဲတွေကတော့ အသစ်ဝင်မရှိသေးသလို ဈေးကလည်း ငြိမ်နေပါ တယ်"ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၅ ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀  ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀  ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး နှမ်းမျိုးစုံဈေးကွက်မှာ အနည်းငယ် ကျဆင်းသွားရာ  စက်တင်ဘာလ ၂၈ ရက်တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ်  ၂၆၅၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၃၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၁၀၀၀၊ ၉၂၉ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို(သစ်)တစ်အိတ် လျှင်ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News