Local News

ဆီထွက်သီးနှံရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ရမည်

Last Updated:

          မြန်မာနိုင်ငံ၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြောကြားချက်ကို ဇူလိုင်လ ၇ ရက်၊ နံနက်ပိုင်းက   ကျင်းပသည့်   ဆီထွက်သီးနှံများ   တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏   တတိယအကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

        စားသုံးဆီအထောက်အပံ့ပေးနိုင်မည့် လုပ်ငန်းများကို ဦးစားပေးရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် ထည့်သွင်း၍ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ပြီး ထိုလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုအပေါ်မူတည်ကာ ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် လယ်ယာကဏ္ဍတွင် ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံမှုတိုးတက်ရေး ကြိုးပမ်းလျက်ရှိရာ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ကုန်ကြမ်းများရရှိရေးနှင့် တောင်သူများအတွက် မှန်ကန်သောဈေးကွက်များ ဖော်ဆောင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

     ထို့အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလည်း ပြည်ပစားအုံးဆီတင်သွင်းမှုလျှော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။ မျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရန် အရင်းမပျောက်မတည်ငွေများ ထူထောင်ပေးခြင်း၊ မြစိမ်းရောင်ဆီထွက်သီးနှံစီမံကိန်း၊ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်၊ လမ်းတံတားဖောက်လုပ်ပေးခြင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သမဝါယမအသင်းစနစ်ဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

Source: Popular News Journal

Category: Local News