Local News

၃.၇.၂၀၂၃ မှ ၇.၇.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

Last Updated:

မတ်ပဲ

        မတ်ပဲကတော့ ဈေးဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိတဲ့အပြင် ပြည်ပကနေတဆင့် ဝယ်ယူမှုလျော့နည်းသွားတဲ့အတွက်  ဈေးကကျဆင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရက မတ်ပဲဈေးမြင့်တက်နေမှုဟာ မြန်မာနိုင်ငံတွင်း ပဲဈေးကစားမှုကြောင့်ဖြစ်တယ်လို့ သတင်းမီဒီယာတွေကနေတဆင့် ပြောဆိုထားခြင်းကြောင့် မတ်ပဲဈေးက ရေတိုဈေးကျဆင်းသွားတာ ဖြစ်တယ်လို့လည်း ကုန်သည်အချို့က ခန့်မှန်းသုံးသပ်ထားကြပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၁၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းနီးပါးဈေးကျဆင်းသွားပါတယ်

        မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်တွေ ဈေးကွက်ထဲကို အဝင်ရှိနေပြီး တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၀၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ အဟောင်းတွေကတော့ တစ်အိတ်ကို ၂၁၀၀၀၀ ကနေ ၂၁၅၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အခြားနယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ မုံရွာ၊ ပြည်၊ မကွေး တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၃၅၀၀ ကြားပေါက်ဈေးရှိနေပြီး ၅၀၀ ကနေ ၂၅၀၀ ကြားဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

         ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ဈေးမြင့်တက်ပေမယ့် တစ်ပတ်အတွင်းမှာ ဈေးငြိမ်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီဈေးတွေ မြင့်တက်နေတဲ့အတွက် ပဲတင်သွင်းမှုကို တန်ချိန် ၁၂ သိန်းတိုးပြီး တင်သွင်းမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ထို့ပြင် အရန်ပဲစင်းငုံနီထုတ်ရောင်းချပေးသွားမှာ ဖြစ်ပြီး မြန်မာအပြင် အာဖရိကနိုင်ငံကပါ တင်သွင်းမှာဖြစ်လို့ ပဲစင်းငုံနီဈေးက ပြန်လည်ကျဆင်းနိုင်မှာ ဖြစ်တယ်လို့လည်း အိန္ဒိယအစိုးရက ပြောပါတယ်။

        မြန်မာပြည်တွင်းမှာတော့ ပဲစင်းငုံနီက လက်ကျန်လျော့နည်းပြီး ပြည်တွင်းငွေကြေးဈေး တည်ငြိမ်မှုမရှိတဲ့အတွက် ပဲဈေးအတက်အကျဟာ မှန်းဆရခက်နေတယ်လို့ ပဲကုန်သည်အချို့ကဆိုပါတယ်။ အိန္ဒိယနိုင်ငံကို တင်သွင်းရမယ့် ပမာဏ သတ်မှတ်ထားတာဖြစ်လို့ ပုံမှန်တင်သွင်းတွေကတော့ရှိမှာဖြစ်ပြီး ဈေးအပြောင်းအလဲကတော့ သိသာနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၁၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁ သိန်းကျော်ဈေးမြင့်တက်လာပါတယ်။

        မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ အခြား နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေး ကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၀၀၀၀ ကနေ ၁၀၂၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

ပဲတီစိမ်း

       ပဲတီစိမ်းကတော့ ဈေးဆက်ပြီး ကျဆင်းပါတယ်။ အရည်အသွေးအပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ဖြစ်နေတာဖြစ်ပြီး အများကြီးကျဆင်းတာမျိုး မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်ရှိနေတာ ဖြစ်လို့ ပုံမှန်ပေါက်ဈေးထက် လျော့နည်းနေတာလို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ခရမ်းရွှေဝါက တစ်ပိဿာကို ၃၄၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးကျဆင်းသွားသည်။

     မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေး တက်လာသည်။ မုံရွာဈေးကွက်မှာ‌တော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိသည်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိ ပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားသည်။

ပဲကြီး ၊စားတော်ပဲ

       ဆက်တိုက်ဈေးမြင့်တက်ခဲ့တဲ့ ပဲကြီးနှင့် စားတော်ပဲကတော့ ဈေးတွေပြန်ကျဆင်းသွားပါတယ်။ ပဲကြီးကတော့ ဈေးကွက်ထဲကို အဝင်နည်းတဲ့အတွက် အရောင်းအဝယ်လည်း သိပ်မရှိတော့ပဲ ဈေးပြန်အေးသွားတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ပဲကြီး သုံးတင်းဝင် တစ်အိတ်ကို မန္တလေးဈေးကွက်မှာ ၂၈၀၀၀၀ ကနေ ၂၉၀၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ စားတော်ပဲကတော့ ပြည်ပကနေလည်း တင်သွင်းနေတာဖြစ်ပြီး ပြည်တွင်း စားတော်ပဲတွေကတော့ လက်ကျန်နည်း နေတာဖြစ်လို့ ဈေးက အနည်းငယ်ကျဆင်းသွားတာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက် မှာ တစ်အိတ်ကို ၁၇၃၀၀၀ ကနေ ၄၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ

         ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များနေပြီး ဈေးကကျဆင်းသွားပါတယ်။ နေ့စဉ်ရန်ကုန်ဈေးကွက်ထဲကို ကားအဝင် ၂၀ အထက်ရှိနေပြီး ပိဿာချိန် ၂ သိန်း အထက် နေ့စဉ် အဝင်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၁၇၅၀ ကနေ ၂၁၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ကျပ်ဈေးကျဆင်းပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀၀ ကနေ ၁၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

အာလူး

       ဈေးကွက်ထဲမှာတော့ ရှမ်းအာလူးတွေက အဝင်မရှိပဲ တရုတ်အာလူးတွေ ပဲအဝင်ရှိနေပြီး ဈေးကတက်နေပါတယ်။ နေ့စဉ် ကားအဝင် ၂ စီးကနေ ၅ စီးကြားသာ ရှိပြီး ပိဿာချိန် ၁ သောင်းကျော်သာ အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးက တစ်ပိဿာကို ၂၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

Source: https://t.me/htwettoe

Category: Local News