Local News

ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအလုံး ၁၀၀ လျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

       ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ကွမ်းသီးစိမ်းအလုံး ၁၀၀ လျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဘိုကလေးမြို့နယ်မှ ကွမ်းသီးစိမ်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်လက ကွမ်းသီးစိမ်းအလုံး ၁၀၀ လျှင် ငွေကျပ် ၆၅၀၀ ထိသာ ဈေးရရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှယနေ့(ဩဂုတ်လ ၉) ရက်န့အထိ ကွမ်းသီးစိမ်းအလုံး ၁၀၀ လျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။

     “လက်ရှိမှာ ဒေသထွက် ကွမ်းသီးစိမ်းတွေ အထွက်နှုန်းနည်းလာတာကြောင့် ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။ ဩဂုတ်လ ပထမပတ်ကနေ စတင်ဈေးကောင်းရရှိနေတာပါ။ လက်ရှိ ကွမ်းသီးစိမ်းအလုံး ၁၀၀ ကို ငွေကျပ် ၈၅၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လက အခုလောက် ကွမ်းသီးဈေးမရှိခဲ့ပါဘူး။  ဘိုကလေးမြို့နယ်မှာ  ကွမ်းသီးအနုတွေ  အဝယ်များလာတော့ ဈေးကောင်းလာတာဖြစ်ပါတယ်။ ဘိုကလေးမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးတွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးစိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဌေးဝင်းက ပြောပြသည်။

     ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ကွမ်းသီးစိမ်းများကို ဒေသကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်မြို့သို့ အဓိက တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဘိုကလေးမြို့နယ်တွင် ကွမ်းသီးပင်ကို စီးပွားဖြစ်စိုက်ပျိုးသူများရှိပြီး စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲကာ  အိမ်ခြံကွက်များတွင်လည်း  စိုက်ပျိုးကြကြောင်း  ဘိုကလေးမြို့နယ်မှ ကွမ်းသီးစိမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News