International News

ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်လာခဲ့သော်လည်း စားသောက်ကုန်များ၏ ဈေးနှုန်းဖောင်းပွမှု ပိုဆိုးရွား လာနိုင်

Last Updated:

ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်လာခဲ့သော်လည်း စားသောက်ကုန်များ၏ ဈေးနှုန်း ဖောင်းပွမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ World Street Journal အွန်လိုင်းသတင်းတွင် “Inflation Is Cooling. Food Inflation Could Get Worse” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုသည် ကမ္ဘာ့နိုင်ငံအများစုတွင် တည်ငြိမ်လာခဲ့သော်လည်း စားသောက်ကုန်များ၏ ဈေးနှုန်းဖောင်းပွမှုနှုန်းမှာ ဆက်လက်မြင့်တက်နေခဲ့ပြီး ယင်းဈေးနှုန်းမြင့်တက်မှု ပို၍ ဆိုးလာနိုင်သည့် အခြေအနေများစွာရှိပါကြောင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုပူပြင်းထန်လာမှုနှင့် ကမ္ဘာ့ ကောက်ပဲသီးနှံ ဂျုံ ပို့ကုန်အများဆုံးတင်ပို့သည့် ယူကရိန်းနိုင်ငံ၏ ရုရှားနှင့်ပဋိပက္ခကြောင့် ပို့ကုန်ကျဆင်းခြင်းတို့မှာ ကမ္ဘာ့ငွေကြေးဖောင်းပွမှုပြဿနာကို ထပ်၍အရှိန်မြှင့်စေသည့် အကြောင်းရင်းလည်း ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ အစောပိုင်းဈေးနှုန်းထက် ၄.၆ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာခဲ့သော်လည်း ဩဂုတ်လ တွင် မြင့်တက်ခဲ့သည့်နှုန်း ၁၃.၅ ရာခိုင်နှုန်းအောက် လျော့နည်းကျ ဆင်းခဲ့ပါကြောင်း၊ နေအိမ်သုံး စွမ်းအင်ဈေးနှုန်းသည် စားသောက်ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်ဝှမ်းလုံးတွင် ၂၀၂၂ ခုနှစ် အတွင်း ကျဆင်းသွားခဲ့ပါကြောင်း၊ သို့ရာတွင် စားသောက်ကုန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက် လျက်ရှိသည့်အတွက် ဗဟိုဘဏ်များအနေဖြင့် သတ်မှတ်ချက်များ ချမှတ်ကာ ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျအောင် ဆောင်ရွက်နေရပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို အောင်မြင်အောင် ရပ်တန့်နိုင်စေသည့် နိုင်ငံများအနေဖြင့်လည်း ယခင်နှစ်ငွေကြေး ဖောင်းပွမှုဖြစ်ပွားစဉ် ခံစားခဲ့ရသည့် အထူးသဖြင့် ဝင်ငွေနည်းပြီး ၎င်းတို့ဝင်ငွေပမာဏ အများအပြားကို အစားအသောက် ဝယ်ယူရန် အသုံးပြုရသော စားသုံးသူများ၏ ထိခိုက်ခံစားခဲ့ရမှုကို ဖော်ပြခဲ့ကြပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ (United Nations) ကလည်း ဂျုံ၊  ဟင်းသီးဟင်းရွက်ဆီ၊ သကြား၊ အသားနှင့် နို့ထွက်ပစ္စည်းများမှာ ဇွန်လမှ ဇူလိုင်လအတွင်း ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းမှာ နှစ်ပေါင်း ၅၀ ကျော် ဈေးနှုန်း တည်ငြိမ်သည့်အနေအထားမှ ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း လေးလပတ်ကာလအတွင်း  ဒုတိယအကြိမ် မြင့်တက်ခဲ့ခြင်း ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ယူကရိန်းကို ပင်လယ်နက်မှ ကောက်ပဲသီးနှံ ဂျုံတင်ပို့ရန် ခွင့်ပြုသည့် သဘောတူညီချက်မှ ရုရှားက ယခင်လတွင် နုတ်ထွက်ခဲ့ပြီးနောက် ယူကရိန်း ၏စားသောက်ကုန်ပို့ကုန် အဆောက်အဦ များကို ဆက်တိုက်ပစ်မှတ်ထားကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပါကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) ကလည်း ရုရှားနုတ်ထွက်ခြင်းကြောင့် ဂျုံဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပါကြောင်း၊ ပုံမှန်မဟုတ်သည့် ရာသီဥတုအခြေအနေ ပြောင်းလဲမှုမှာ နောက်ထပ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ဂျုံ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းချိန်ကို ထိခိုက်စေခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်ခန့်အထိ စားသောက်ကုန်၊ တိရစ္ဆာန်အစားအစာနှင့် ဓာတ်မြေဩဇာ ပို့ကုန်ကန့်သတ်ချက် (၁၀၄) ခု အနက် (၄၅) ခုကို ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ဖြေလျော့ပေးခဲ့သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) က ခန့်မှန်းထားပါကြောင်း၊  ဆက်လက်ကန့်သတ်ထားသည့် ကုန်စည်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံထိ ရှိနိုင်ပါကြောင်း၊ ပို့ကုန် ကန့်သတ်မှုနှုင့် ဈေးနှုန်းမြင့်မားမှုကိုဦးတည်စေသော ရောင်းလိုအားပြတ်တောက်မှုအဆိုးကျော့သံသရာ မဖြစ်စေရေး ရှောင်ရှားရမည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Ms. Ngozi Okonjo Iweala က ပြောကြားခဲ့ပါကြောင်းဖြင့် သိရှိရပါသည်။

 

 

Source: https://www.wsj.com/articles/inflation-is-cooling-food-inflation-could-get-worse-bb373e06

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News