International News

အိန္ဒိယဆန် တင်ပို့မှု ကန့်သတ်ခြင်းကြောင့် ပါကစ္စတန်ဆန် တင်ပို့မှု စံချိန်တင် မြင့်မား

Last Updated:

ပါကစ္စတန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇွန်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ခုန်တက်ဖွယ်ရှိသည်။ အိန္ဒိယဆန် တင်ပို့ရောင်းချမှုကို တားမြစ်ထားခြင်းသည် ဆန်ဝယ်ယူတင်သွင်းသည့် နိုင်ငံများကို ပါကစ္စတန်ဆန် ပိုမိုဝယ်ယူရန် တွန်းအားဖြစ်နေသည်။ ပါကစ္စတန်ဆန် အဝယ်လိုက်သဖြင့် ပါကစ္စတန်ဆန် ဈေးနှုန်းများသည် ၁၆ နှစ်တာကာလအတွင်း အမြင့်ဆုံး ရောက်ရှိသွားစေသည်။ 

“အဓိကအားဖြင့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ရပ်သွားတဲ့အတွက် ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဆန်ဝယ်လိုအား ခိုင်မာလာတာကို တွေ့ခဲ့ရပါတယ်"ဟု ပါကစ္စတန် ဆန်တင်ပို့သူများအသင်း Rice Exporters Association of Pakistan (REAP) ဥက္ကဋ္ဌ Chela Ram Kewlani က ပြောသည်။ ကမ္ဘာ့ ဆန်ကုန်သွယ်မှု ပမာဏ၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ပုံမှန်တင်ပို့နေသည့် အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ယမန်နှစ်ကတည်းက တားမြစ်ထားသည်။ ထို့ပြင် ပေါင်းဆန် ပြည်ပတင်ပို့မှုအပေါ် ပို့ကုန်ခွန်လည်း ပြဋ္ဌာန်းထားပါသည်။

ပါကစ္စတန်ဆန် တင်ပို့သည့် ပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅ သန်းအထိ ခုန်တက်သွားနိုင်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃.၇ သန်း တင်ပို့ခဲ့သည်ဟု Kewlani က ပြောကြားသည်။ ယခုနှစ်တွင် စပါးထွက်ရှိမှု သိသိသာသာ တိုးတက်လာသောကြောင့် ပို့ကုန်တန်ချိန် ၅.၂ သန်းအထိ တင်ပို့နိုင်မည်ဟု အချို့ကဆိုကြသည်။ ပါကစ္စတန်နိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၉ သန်း မှ ၉ သန်းခွဲအထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရေကြီးခဲ့သဖြင့် အထွက်လျော့ကျခဲ့ပြီး တန်ချိန် ၅.၅ သန်းသာ ထုတ်လုပ်ခဲ့သည်။  "ပိုမိုမြင့်မားသော  ထုတ်လုပ်မှုနှင့်  ကမ္ဘာ့စျေးနှုန်းများ  မြင့်မားမှုများကြောင့်  ပါကစ္စတန်ဆန်အရှိန်အဟုန်ဖြင့် တင်ပို့နိုင်စေပါတယ်။ ဒီဇင်ဘာလ တစ်လတည်းမှာ ပါကစ္စတန်ဆန် တန်ချိန် ၇ သိန်းခန့် တင်ပို့နိုင်ခဲ့ပါတယ်" ဟု ကုန်သည်တဦးက ပြောသည်။ "ဘာစမာတီဆန်တင်ပို့မှုမှာ တန်ချိန် ၉၅၀၀၀၀ အထိ ခုန်တက်သွားနိုင်ပါတယ်။ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၄ ဒသမ ၂၅ သန်း အထိ တင်ပို့နိုင်လိမ့်မယ်"ဟု ၎င်းက ခန့်မှန်းပြောကြားသည်။ ပါကစ္စတန်ဆန် တင်ပို့မှုသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိနိုင်မည်ဖြစ်သည်။ ယမန်နှစ်ကက ကန်ဒေါ်လာ ၂.၁ ဘီလီယံ ရရှိခဲ့သည်ဟု ကရာချီမြို့ အခြေစိုက် Institute of Business Administration မှ လက်ထောက်ပါမောက္ခ Aadil Nakhoda က ပြောကြားသည်။ အစဉ်အလာအရ ဘာစမာတီမဟုတ်သော ဆန်ကို  အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံထက် နိမ့်သည့်ဈေးနှုန်းများဖြင့် ရောင်းချသည်။ 

ယခုအခါ အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ရပ်ထားသဖြင့် ဝယ်လက်များသည် ပါကစ္စတန်ဆန်ကို ပိုမိုဝယ်ယူလာကြသည်။ စပါးအထွက်များသော်လည်း ပြည်ပတင်ပို့သည့် ဆန်ဈေးဂယက်ကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ တဖြည်းဖြည်းချင်း မြင့်တက်သည်။ ၅% ဆန်ကွဲပါ ပါကစ္စတန်ဆန်ဖြူ ခေါ်ဈေး တတန်လျှင် $640 ဝန်းကျင်ရှိပြီး ပေါင်းဆန် တစ် တန်လျှင်  $680  ဝန်းကျင်ရှိသည်။ ပြီးခဲ့သည့်နှစ်က ဆန်ဖြူခေါ်ဈေး တစ်တန်လျှင် $465 ဝန်းကျင် ရှိပြီး ပေါင်းဆန် တတန်လျှင်  $486 ရှိခဲ့သည်။ 

ပါကစ္စတန်နိုင်ငံသည် လက်ရှိတွင် ဘာစမာတီမဟုတ်သောဆန်ကို အင်ဒိုနီးရှား၊ ဆီနီဂေါ၊ မာလီ၊ အိုင်ဗရီကို့စ်နှင့် ကင်ညာသို့ အဓိကတင်ပို့နေသည်။ ပရီမီယံဘာစမာတီဆန်ကို  ဥရောပသမဂ္ဂ၊ ကာတာနှင့် ဆော်ဒီအာရေးဗီးယားသို့ တင်ပို့သည်။ ကမ္ဘာ့ဆန်ဈေးကွက်ထဲ အိန္ဒိယဆန် မရှိသည့်အတွက် ဗီယက်နမ်၊ ထိုင်းနှင့် ပါကစ္စတန်တို့သည် ဆန်ပိုမိုတင်ပို့နေကြသည်။ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကရှိ နိုင်ငံများနှင့် ပါကစ္စတန်က ထိုင်းနှင့် ဗီယက်နမ်တို့ထက် ပိုနီးသဖြင့် ပို့ဆောင်ခ သက်သာနေသည့် အားသာချက် ရှိနေသည်။ 

အိန္ဒိယနိုင်ငံသည် မေလ ရွေးကောက်ပွဲအပြီးတွင် ပို့ကုန်ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ဖွယ်ရှိသည်။ ပါကစ္စတန် ပို့ကုန်လုပ်ငန်းရှင်များသည် တစ်နှစ်ပတ်လုံး တင်ပို့မှု ပမာဏ၏ သုံးပုံနှစ်ပုံခန့် တင်ပို့ထားပြီးဖြစ်သည်။ ကျန်ရှိသည့် ဆန်ကို မေလကုန် မတိုင်ခင်အကုန်လုံး တင်ပို့ကြမည်ဖြစ်သည်။ ပါကစ္စတန် လယ်သမားများသည် ၎င်းတို့၏ စပါးများအတွက် စံချိန်တင်စျေးနှုန်းများရရှိနေကြသဖြင့် လာမည့်ရာသီတွင် စပါးစိုက်ပျိုးဧရိယာ ချဲ့ထွင်ရန် အလားအလာရှိသည်။ 

Source: reuters

Source: https://www.foodindustrydirectory.com.mm

Category: International News