Local News

အယ်လ်နီညိုကြောင့် ယခုနှစ် နေလှန်းဆား ပိုမိုထွက်ရှိမည်ဟု မျှော်မှန်းထား

Last Updated:

အယ်နီညိုရာသီဥတုကြောင့် ယခုနှစ်အတွင်းမှာ နေလှန်းဆား ပိုမိုထွက်ရှိမယ်လို့ မျှော်မှန်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆားထုတ်လုပ်မှုလုပ်ငန်းကနေ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၂၁-၂၀၂၂ ဆားရာသီက မိုးရွာသွန်းမှုတွေကြောင့် မက်ထရစ်တန် ၁ သိန်းခန့်သာ ထွက်ရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဆားရာသီမှာ ရာသီဥတုကောင်းမွန်မှုကြောင့် မက်ထရစ်တန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ပါတယ်။

“ဒီနှစ်မှာ ပိုပြီး မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အယ်လ်နီညိုဆိုတော့ ဆားနဲ့က မိတ်ဖက်ပေါ့။ ပိုရနိုင်တယ်လို့ မျှော်မှန်းပါတယ်”လို့ ဆားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နေလှန်းဆားထုတ်လုပ်ဖို့ ၂၀၂၃ ခုနှစ် အောက်တိုဘာကတည်းက ဆားကွင်းအချို့ စတင်ပြင်ဆင်ခဲ့ကြပြီး ယခုလမှာ နေလှန်းဆားတွေ စတင်ထွက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးမှာ မိုးရွာခဲ့ပေမယ့် ဆားကွင်းအချို့ ပြင်ဆင်နေချိန်ဖြစ်လို့ ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့ပါတယ်။

“မိုးရွာပေမယ့် ထိခိုက်ပျက်စီးမှုက အများကြီးတော့ မရှိပါဘူး။ ဆားကွင်းအချို့က အခုမှ ပြင်ဆင်နေတဲ့ အချိန်ရှိတယ်။ ဆားလှန်းထားတဲ့သူတွေကလည်း ကြိုတင်ပြင်ဆင်ကြတော့ ပျက်စီးမှုက သိပ်မရှိဘူး”လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ ဧရာဝတီတိုင်းဒေကြီးကထွက်ရှိတဲ့ နေလှန်းဆားတွေကို ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးကို အဓိက တင်ပို့ရောင်းချပါတယ်။ မိုးရွာသွန်းခဲ့လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆားချောတစ်ပိဿာ ကျပ် ၂၃၀ ကနေ ကျပ် ၂၈၀ အထိ အနည်းငယ် ဈေးတက်သွားခဲ့ပါတယ်။ “မိုးက ကြားပေါက်ကြားပေါက် ရွာရင်တော့ မကောင်းဘူးပေါ့ဗျာ”လို့ ဆားလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားထားပါတယ်။

Source: BETV Business

Category: Local News