ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးသလောက်ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မော်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ငါးသလောက်ပိဿာချိန် ၅၆၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ငါးသလောက်များကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှုများပြားနေကြောင်း သိရသည်။ “ဒေသထွက် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို ပုံမှန်အဆင်ပြေပြေ တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က ငါးသလောက်တွေရဲ့ အဓိက ဈေးကွက်တစ်ခုပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ငါးသလောက် ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်ကနေတင်ပို့တဲ့ ငါးသလောက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မော်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ မှ ၃၅၅၀၀၊ အကြီး တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ မှ ၇၅၀၀၀ ထိ အရွယ်အစားအပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ