ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးခြောက်အစုံပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ညိုကပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ငါးခြောက်အစုံပိဿာချိန် ၅၅၀၀၀ ထိသာ ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ အာပဲ့ခြောက်စသည့် ငါးခြောက်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဒေသထွက် ငါးခြောက်အစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၈၂၀၀၀ ထိ ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ ရောင်းအားတက်ခဲ့တာပါ။ ငါးခြောက်ဈေးနှုန်းကတော့ ပုံမှန်အခြေအနေမှာပဲ ရှိပါတယ်” ဟု ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ညိုက ပြောပြသည်။ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်တစ်ပိဿာဈေးနှုန်းသည် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀၀၊ ငါးလိပ်ကျောက်ငါးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ