စျေးကွက်ထဲတွင် ကြက်သွန်နီစျေးများ တဖြေးဖြေးကျဆင်းလာသည်ကို တွေ့ရသည်။ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကုန်စည်ဒိုင်တစ်ခုဖြစ်သည့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလမှစ၍ စျေးကျလာရာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကြက်သွန်နီတစ်ပိဿာကျပ် ၁၀၀၀/ ၁၂၀၀ မှ ကျပ် ၂၆၅၀/ ၂၇၀၀ စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၇၀၀ မှ ၂၄၀၀စျေးအထိသာ ရရှိခဲ့ပါသည်။ မတ်လဆန်းတွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၂၀၀ မှ ၂၀၀၀စျေးသာ ရရှိတော့သည့်အတွက် ယခင်လများနှင့် နှိုင်းယှဉ်ပါက တဖြေးဖြေးစျေးကျဆင်းလာကြောင်း သိရှိရသည်။ အလှူအတန်းပေါများသည့်ကာလတွင် ကြက်သွန်နီစျေးကျသည့်အတွက် အလှူပြုလုပ်သူများ အဆင်ပြေနေသော်လည်း စိုက်ပျိုးသူတောင်သူများအနေဖြင့် စျေးကောင်းရရှိမှသာ အကျိုးအမြတ်များများရရှိမည် ဖြစ်ပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်တွင် အသုံးများသည့် သီးနှံဖြစ်သည့်အပြင် ကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် အသင့်စား ကြက်သွန်နီခြောက်များ၊ ကြက်သွန်နီကြော်များ ပြလုပ်၍ စျေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ယခုရက်ပိုင်းတွင် စျေးကွက်ထဲသို့ ကြက်သွန်နီဝင်ရောက်မှုမှာ တစ်ရက် ပိဿာချိန် ၂၀၀၀၀ မှ ၇၅၀၀၀ ခန့်အထိဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး