မကွေးတိုင်းဒေသကြီးအတွင်းသို့ဒေသအစုံမှ ဝင်ရောက်လာသည့်အာလူးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းပြည်နယ်ဘက်မှအာလူးများ၊ တရုတ်အာလူးများလည်းဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် မိမိဒေသတွင်းထွက်ရှိသည့် ချောင်းနှင့်နီးသည့်နေရာများနှင့် မြေနုကျွန်းပေါ်တို့တွင်စိုက်ပျိုးသည့် အာလူးများလည်းဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြီးခဲ့သည့်ရက်များတွင် ဒေသထွက်အာလူးများ ထွက်ပေါ်ခြင်း မရှိသေးသည့်အတွက် ရှမ်းပြည်နယ်နှင့် တရုတ်ဘက်မှလာသည့် အာလူးများကိုသာ ဝယ်ယူစားသုံးရခြင်း ကြောင့် သယ်ယူခစရိတ်မြင့်၍ စျေးတက်ခဲ့ပြီး ယခုအခါ ဒေသထွက်အာလူးများ ထွက်ပေါ်လာပြီဖြစ်သောကြောင့် စျေးကျဆင်းလာသည်။ မြစ်အနောက်ဘက် မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် မကွေးမြို့နယ်မှ သရက်လေးပင်၊ ကြောင်ပျောက်စသည့် ကျေးရွာများမှလည်း ထွက်ရှိသည့်အတွက် ယခင်စျေးထက် စျေးကျလာသည်။ အာလူးသည် မြန်မာဟင်းများတွင် စားသုံးမှုများပြီး မုန့်ပြုလုပ်ရာတွင်လည်း အသုံးပြု ကြသောကြောင့် ပုံမှန်အရောင်းအဝယ်ရှိသော သီးနှံဖြစ်ပါသည်။ ဒေသထွက်အာလူးများ မထွက်ပေါ်မီ အာလူးတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ စျေး အထိပေးဝယ်စားသုံးရပြီး ယခုအချိန်တွင် အာလူးတစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၄၅၀၀ စျေးသာ ပေးဝယ်စားသုံးရသည့်အတွက် အိမ်ရှင်မများ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး