International News

ဆော်ဒီအာရေဗျနိုင်ငံက အင်ဒိုနီးရှားမှ ကြက်သားထုတ်ကုန်များ တင်သွင်းမှုပိတ်ပင်

Last Updated:

   ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) သည် အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ကြက်သားနှင့် ကြက်ဥတင်သွင်းမှုများကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ ယခုပိတ်ပင်မှုသည် ဟလာလ် (Halal) ကိစ္စနှင့် မသက်ဆိုင်ဘဲ ကျန်းမာရေးစစ်ဆေး ထိန်းချုပ်မှုများကို တင်းကျပ်စေရန်နှင့် ထုတ်ကုန်အရည်အသွေးနှင့် ကျန်းမာရေးစံနှုန်းများကို လိုက်နာမှုအပေါ် မူတည်ကြောင်း သိရှိရသည်။
   Riyadh မြို့အခြေစိုက် အင်ဒိုနီးရှားစီးပွားရေးသံမှူးဖြစ်သူ Zulvri Yenni က ယခုမူဝါဒ သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တွင် ကြက်တုပ်ကွေးရောဂါကင်းစင်သည့် အခြေအနေကို ပြန်လည်အတည်ပြုနိုင်ရန် လိုအပ်ကြောင်း သတိပေးချက်တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ရောဂါကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန်များအတွက် ဆော်ဒီဈေးကွက်ကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။ SFDA အနေဖြင့် WOAH မှ ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန် ကျန်းမာရေး အခြေအနေများ၊ အထူးသဖြင့် အန္တရာယ်ရှိသော ကြက်တုပ်ကွေးရောဂါပျံ့နှံ့မှုများကို အခြေခံ၍ ပိတ်ပင်ထားသော နိုင်ငံများစာရင်းကို ကာလအလိုက် ပြန်လည်သုံးသပ်မည်ဟု ဆိုပါသည်။
   ဆော်ဒီ၏ တင်ပို့မှုဝေစုကို ဆော်ဒီ၏ ပိတ်ပင်မှုစာရင်းတွင် မပါဝင်သည့် နိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူကဲ့သို့ အာဆီယံနိုင်ငံများက လွှမ်းမိုးသိမ်းပိုက်သွားခြင်း မခံရစေရန်အချက်သည် အလွန်အရေးကြီးပါသည်။ အင်ဒိုနီးရှားအပြင် ပိတ်ပင်ချက်တွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ဂျာမနီ၊ အီရန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနာ၊ ဘူဂေးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တိုင်ဝမ်၊ ဂျီဘူတီ၊ တောင်အာဖရိက၊ တရုတ်၊ အီရတ်၊ ဂါနာ၊ ပါလက် စတိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်၊ ကင်မရွန်း၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ လာအို၊ လစ်ဗျား၊ မြန်မာ၊ ယူနိုက်တက်ကင်းဒမ်း၊ အီဂျစ်၊ မက္ကဆီကို၊ မိုင်းဂိုးလီးယား၊ နီပေါ၊ နိုင်ဂါ၊ နိုင်ဂီးရီးယား၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျပန်၊ ဘာကီနာဖာဆို၊ ဆူဒန်၊ ဆာဘီးယား၊ ဆလိုဗေးနီးယား၊ အိုင်ဗရီကိုစ်နှင့် မွန်တီနီဂရိုတို့ဖြစ်ကြောင်း သိရှိရသည်။
Source: Jakarta Globe, 3 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)  
Source: https://www.doca.gov.mm

Category: International News