Local News

ပြည်ပနိုင်ငံများထံ တင်ပို့သည့် ဆန်/ဆန်ကွဲဈေးတက်လာ

Last Updated:

ပြည်ပနိုင်ငံများထံသို့ တင်ပို့ရောင်းချနေသည့် မြန်မာပို့ကုန် ဆန်/ဆန်ကွဲ ဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ရောင်းချမှု ကန့်သတ်လိုက်ခြင်းကြောင့် ထိပ်တန်းဆန်တင်ပို့သူများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်အပါအဝင် မြန်မာဆန်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းရှိသည့် မြန်မာ့ဆန်ဖြူလုံးရှည် (၁)တန်မှာ ပြီးခဲ့သည့် ဩဂုတ်လပိုင်းတွင် ၅၂၅ ဒေါ်လာသာ ဈေးရရှိခဲ့ပြီး စက်တင်ဘာ ၁၂ ရက်အထိ ဈေးသတ်မှတ်ချက်အတွင်း ကန်ဒေါ်လာ ၆၀၀ နီးပါးအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။ ထို့ပြင် အခြားသော ဆန်ကွဲပါဝင်မှုနှုန်း ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းရှိတဲ့ ကရင်မ၊ ဆင်းသုခ၊ ငစိန်/ရာကျော်၊ ထွန်းပု/ဗိုက်ဖြူ စသည့် ဆန်အမျိုးအစားများသည်လည်း (၁) တန်လျှင် အနိမ့်ဆုံးဈေး ၅၃၅ ဒေါ်လာမှ အမြင်ဆုံး ဒေါ်လာ ၆၄၀ အထိ ဈေးရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တန်ချိန် (၂ ဒသမ ၅) သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

Source: http://t.me/popularjournal

Category: Local News