Local News

ဝါသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူနယ်သည် ဝါသီးနှံကိုအများဆုံးနှင့် အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခု ဖြစ်ပါသည်။ ပခုက္ကူဒေသမှထွက်ရှိသည့် အထည်များဖြစ်သည့် ချည်စောင်၊ တဘတ်၊ လက်သုပ်ပဝါ၊ ပုဆိုး၊ လုံချည် တို့သည် နာမည်ရပြီးလည်း ဖြစ်ပါသည်။ ချည်ဖြင့်ယက်လုပ်ထားသည့်အထည်များသည် နွေရာသီတွင် အေးကာ ဆောင်းရာသီတွင် နွေး၍ ကျန်းမာရေးကို လိုက်စားသည့်ခေတ်ဖြစ်၍ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။ ဝါသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သည့်အပြင် အရေးကြီးကုန်စည်အဖြစ် အစိုးရမှသတ်မှတ်ထားသော သီးနှံ လည်းဖြစ်ပါသည်။

ဝါသီးနှံသည် ရာသီဥတုကောင်းပြီး အိန္ဒိယမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ပိသာ (၈၀၀)မှ ပိသာ (၁၀၀၀)ကြားထွက်ရှိကာ ရိုးရိုးမျိုးကိုစိုက်ပျိုးပါက တစ်ဧကလျှင် ပိသာ(၄၀၀) လောက်ထိထွက်ရှိပြီး ယခုနှစ် တွင် ရာသီဥတုအခြေအနေမှာ မိုးလိုသည့်ရက်တွင် မရွာဘဲ အပွင့်ပွင့်သည့်အချိန်တွင် မိုးများဆက်တိုက် ရွာသွန်းမှု ကြောင့် အပွင့်များကြွေကျကာ တစ်ဧကလျှင် ပျှမ်းမျှပိသာ(၂၀၀) ဝန်းကျင်သာ ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် စိုက်ဧကများသော်လည်း အထွက်နှုန်းမှာ နည်းပါသည်။

ဝါသီးနှံသည် စက်တင်ဘာလမှစ၍ ပေါ်ထွက်လာပြီဖြစ်ရာ ယခုအောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်ထွက်လာပြီး စျေးကွက်ထဲသို့ ရောက်ရှိလာပြီဖြစ်ပါသည်။  ဝါစျေးနှုန်းအနေဖြင့် ယခုရက်ပိုင်းတွင် ဝါတစ်ပိသာလျှင် (၃၄၀၀)ကျပ် စျေးရရှိနေပြီး ထွက်ရှိလာသော ဝါများကို ကြိတ်စက်တွင် ကြိတ်ကာ ပြည်တွင်းစက်ရုံများနှင့် ပြည်ပဝယ်လက် အနေဖြင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချရကြောင်း၊ ပြီးခဲ့သည့်နှစ် ဝါပေါ်စတွင် ဝါတစ်ပိသာလျှင် (၂၆၀၀-၂၇၀၀)ကျပ် စျေးသာရရှိကာ ယခုနှစ်တွင် ဝါစျေးနှုန်းမှာ(၃၄၀၀)ကျပ်ထိ ရရှိသည့်အတွက် ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းနည်းသော်လည်း ဝါစျေးနှုန်းကောင်းမွန်ကြောင်း ဝါလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိ ရပါသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News