Local News

တောင်ငူမြို့နယ်၏ ပက်တန်းထန်းလျက်လုပ်ငန်း

Last Updated:

တောင်ငူမြို့နယ်တွင် ထန်းပင်ထန်းတောများပေါများစွာရှိရာ မိရိုးဖလာထန်းလျက်လုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသူများရှိပါသည်။ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင်ထန်းလျက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ ထန်းလျက်ကို ထန်းရည်အချိုဖြင့်ချက်ရကြောင်း သိရှိရပါသည်။ 

ထန်းပင်ပေါ်မှချချချင်းတွင် ထန်းရည်အိုး ၇ အိုးမှ ၈ အိုးခန့်ထန်းရည်အချိုများကိုသန့်စင်ပြီး မိုးဗြဲဒယ်တစ်လုံး၌ထည့်ပြီး မီးပြင်းပြင်းနှင့် ပွက်လာသည့်အထိကျိုပေးပြီး သမအောင်မွှေပေးရပါသည်။ တပြိုင်တည်းတွင် မိုးဗြဲဒယ်သုံးလေးလုံးခန့်ကျိုချက်ပါသည်။ အရည်ပျစ်လာ၍ ထန်းလျက်သားကျသည့်အခါ မီးဖိုပေါ်မှချပြီး ယောက်မကြီးနှင့်ကော်၍ ဓားဖြင့် သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံခုတ်ပေးရပါသည်။

တောင်ငူထန်းလျက်၏ထူးခြားချက်မှာ အခြားဒေသထန်းလျက်များကဲ့သို့ အလုံးမဟုတ်ဘဲ သုံးမြှောင့်ပုံအတုံးချွန်ချွန်လေးများဖြစ်ပါသည်။ တစ်ဒယ်လျှင် ထန်းလျက် တစ်ပိဿာခွဲခန့်ရကြောင်းသိရပါသည်။ ယခုအခါတွင် ထန်းလျက်တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချကြသည်။ ထန်းရည်ကျိုစဉ်တွင် အုန်းသီးရောကျို၍ အုန်းထန်းလျက်အဖြစ်လည်းကောင်း၊ ဆီးသီးမှုန့်ရောကျို၍ ဆီးထန်းလျက်အဖြစ်လည်းကောင်း ထုတ်လုပ်ကြပါသည်။ အုန်းထန်းလျက်နှင့် ဆီးထန်းလျက်များကို တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News