Local News

မိုခါ မုန်တိုင်းအပြီး ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းခဲ့ရာမှ အတက်ဘက်သို့ ဦးတည်လာ

Last Updated:

ရွှေမန်း

     ကြက်သွန်နီဈေးကွက်တွင် မိုခါမုန်တိုင်းအပြီးဈေးအနည်းငယ်ကျဆင်းခဲ့ရာ လက်ရှိအခြေအနေတွင် ဈေးကွက်အေးနေသော်လည်း လာမည့်ရက်များတွင် အတက်ဘက်သို့ ဦးတည်လာနိုင်ကြောင်း မန္တလေးဈေးချိုကြက် သွန်နီဈေးကွက်မှသိရသည်။ ပြည်ပဝယ်လိုအားအဖြစ် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံဘက်မှ အဝယ်ပုံမှန်နီးပါးရှိနေသည့်အတွက် ကြက်သွန်နီဈေးကွက်မှာ တစ်ပိဿာလျင် ငွေကျပ် ၁၆၀၀ အောက်ကျဆင်းခြင်းမရှိဘဲ ငွေကျပ် ၂၀၀၀ ဝန်းကျင်တွင် အတက်အကျဈေးကစားနေသည်ဟု ဆိုသည်။

     “မိုခါမုန်တိုင်းနောက်ပိုင်းမိုးရွာတော့ ကြက်သွန်တွေ စိုထိုင်းပြီး အရည်အသွေးကျဆင်းလို့ ဈေးကျရာက ဈေးပြန်မြင့်လာသလို အတက်ဘက်ဦးတည်နိုင်တယ်။ နေပူတဲ့အခါမှာလည်း ကြက်သွန်တွေ အခွံကျွတ်များပြီး အလေးချိန်လျော့တာမျိုးလည်းရှိတော့ လျော့သွားတဲ့အပေါ် တစ်ပိဿာ ငွေကျပ်၂၀၀ လောက်ဈေးတင်ကြတယ်”ဟု ဈေးချို (ကိုင်းတန်းဈေး)ရှိ ကြက်သွန်နီပွဲရုံတစ်ခုမှ ပြောသည်။

     မန္တလေးကြက်သွန်နီဈေးကွက်တွင် ဆောင်းရာသီ၌ မြစ်သားဘက်မှ ကြက်သွန်နီများဝင်ရောက်မှုများပြားကာ နွေရာသီတွင် မြစ်သားကြက်သွန်ရှားပါးသွားသဖြင့် မြင်းခြံ၊ ပခုက္ကူ၊ မုံရွာဘက်မှ ကြက်သွန်နီများကို မန္တလေးပွဲရုံ များက ဝယ်ယူရောင်းချရသည်ဟုသိရသည်။ “နောက်ထပ်ကြက်သွန်ပေါ်မယ့်အချိန်က ၅ လလောက်လိုသေးတယ်။ ဒီကြားထဲမှာ လှောင်လက်နဲ့ တချို့ တောင် သူကြီးတွေဆီမှာတော့ ကြက်သွန်လက်ကျန်ရှိသေးတယ်။ကြက်သွန်ပေါ်ချိန်ထက်စာရင် နည်းသွား တာရယ်၊ပြည်ပဝယ်ယူမှုက ပုံမှန်နီးပါးရှိနေတာရယ်ကြောင့် ဈေးပြန်တက်လာတယ်”ဟု ၎င်းက ပြောသည်။

      ကြက်သွန်နီပေါက်ဈေးများအရ ကြက်သွန်နီ(ရောရာ)တစ်ပိဿာ ငွေကျပ် ၂၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး အရွယ်နှင့် အရောင်လှလျင် တစ်ပိဿာ ၂၂၀၀ ဝန်းကျင်နှင့် အောက်စမှာ တစ်ပိဿာ ၁၈၀၀ ဝန်းကျင်ပေါက် ဈေးရှိကြောင်း၊ လက်ကားဈေးထက် လက်လီဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀-၃၀၀ ဈေးမြင့်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News