Local News

ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၅၂၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၅၂၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ ဘိုကလေးမြိုနယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

          ဘိုကလေးမြို့နယ်တွင် ဧပြီလနှင့်မေလတို့က ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၃၃၀၀ ထိသာ ဈေးရရှိခဲ့ပြီး ဇွန်လ ၁ ရက်မှ ယနေ့(ဇွန်-၁၁)ရက်နေ့ထိ ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၅၂၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ ဈေးကောင်းရရှိနေခြင်းသည် ပြည်ပဈေးကွက်မှ ကွမ်းသီးအနုများ ဝယ်ယူမှုအားကောင်းနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

          “ပြည်ပဈေးကွက်ကို တင်ပို့နေရတာကြောင့် ကွမ်းသီးဈေးကောင်းရရှိနေတာပါ။ လက်ရှိ ကွမ်းသီးအနုအလုံး ၁၀၀ ကို ငွေကျပ် ၅၂၀၀ ထိ ဈေးကောင်းရရှိနေတယ်။ ရန်ကုန်ဈေးကွက် ကလည်း ကွမ်းသီးအနုတွေ ဝယ်ယူမှုအားကောင်းနေလို့ ဈေးကောင်းရနေတာပါ။ ရန်ကုန်ကနေ တစ်ဆင့် တရုတ်နိုင်ငံကို အဓိကတင်ပို့‌ရောင်းချနေတာပါ။ ဈေးကောင်းလည်းရ ဝယ်ယူမှုအား ကလည်းကောင်းတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူတွေ အဆင်ပြေလာတယ်။ ကွမ်းသီးအနု ဈေးကောင်းရရှိနေတာဟာ ပြည်ပဈေးကွက်လည်း ကွမ်းသီးအနုတွေကို အဆမတန်ဝယ်ယူနေပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

          ဘိုကလေးမြို့နယ်က ထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News