Local News

နှစ်လအတွင်း မြ၀တီကုန်သွယ်ရေးဇုန်မှ ပို့ကုန်၊သွင်းကုန် သန်း ၃၀၀ နီးပါး ကုန်သွယ်မှုပြုလုပ်ထား

Last Updated:

        မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ဧပြီလ ၁ ရက်မှ မေလ ၂၉ ရက်အထိ ပို့ကုန်  ကန်ဒေါ်လာ (၈၆ ဒသမ ၂၉၃)   သန်း၊   သွင်းကုန်   ကန်ဒေါ်လာ (၁၉၃ ဒသမ ၀၃၅)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂၇၉ ဒသမ ၃၂၈) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

     ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပိုမှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ကြောင်း သိရသည်။

     သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ကို တင်သွင်းလျက်ရှိကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

     ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှသိရသည်။

Source: Popular News Journal

Category: Local News