International News

နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့ဆိုင်ရာ အချက်အလက်များ တိုးမြှင့်အသုံးပြုနိုင်ရေး စုပေါင်း၍ ပလက်ဖောင်းတစ်ခုကို စတင်မိတ်ဆက်

Last Updated:

      နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organisation for Economic Co-operation and Development – OECD) ၊ ကမ္ဘာ့ဘဏ် (World Bank) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့မှဦးဆောင်၍ အထောက်အပံ့ပေးမှု (Subsidies) အပေါ် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပူးတွဲပလက်ဖောင်း တစ်ခုဖြစ်သည့် www.subsidydata.org (Joint Subsidy Platform - JSP) ကို မေလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက် လိုက်ပြီဖြစ်ပါသည်။ အထောက်အပံ့များကို ဒီဇိုင်းရေးဆွဲရေးနှင့်သင့်လျော်စွာ အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးမှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ JSP ပလက်ဖောင်းပေါ်တွင် အထောက်အပံ့များ၏ သဘောသဘာဝ၊ ပမာဏနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု သတင်းအချက်အလက်များကို အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

      JSP ပလက်ဖောင်းကို လွှင့်တင်ပြီးနောက် WTO ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala ၊ OECD အတွင်းရေးမှူးချုပ် Mr.Mathias Cormann ၊ World Bank ဥက္ကဋ္ဌ Mr.David Malpass နှင့် IMF မန်နေဂျင်းဒါရိုက်တာ Dr. Kristalina Georgieva တို့က ပူးတွဲကြေညာချက်ကို အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ခဲ့သည်-

 - ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် “အထောက်အပံ့ပေးမှု၊ ကုန်သွယ်မှုနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲအစီရင်ခံစာ”ကို ထုတ်ပြန်ခဲ့ချိန်မှစ၍ ကုန်ကျစရိတ်များပြားသော အထောက်အပံ့များတိုးပွားလာကာ ၎င်းတို့အား အသုံးပြုရာတွင် တင်းမာမှုများရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအရေးပေါ်အခြေအနေများ၊ ရာသီဥတုကပ်ဘေးတို့အရ အချို့အခြေအနေများတွင် တရားဝင်အစီအစဉ်တကျပြုလုပ်ထားသော ယာယီအထောက်အပံ့များ လိုအပ်သည့် အခြေအနေအချို့ရှိသည်ကို အလေးအနက်တွေ့ရှိရကြောင်း၊

 - စျေးကွက်ဆုံးရှုံးမှုများကြောင့် အထောက်အပံ့များကို အသုံးပြုမည့် အစိုးရများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေး၊ ကုန်သွယ်မှု ကတိကဝတ်များကို လေးစားလိုက်နာရေးနှင့် မူဝါဒအပေါ် ကြိုတင်ခန့်မှန်းနိုင်စေရန်လိုအပ်ကြောင်း၊

- အထောက်အပံ့ပေးမည်ဆိုပါက ပြည်တွင်းစက်မှုလုပ်ငန်းများအား ပြိုင်ဆိုင်မှုမှ အကျိုးအမြတ်ရရှိရန်အတွက် အသုံးမပြုသင့်ဘဲ ကုန်ကျစရိတ်လျှော့ချရန်နှင့် ကုန်သွယ်မှုမိတ်ဖက်များအပေါ်လွဲမှားသော အကျိုးသက်ရောက်မှုများ မရှိစေရန် ကြိုးပမ်းသင့်ကြောင်း၊

-  အထောက်အပံ့များကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် အစိုးရများအကြား ဘုံနားလည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း။

      JSP ပလက်ဖောင်းသည် အစိုးရများအကြား နားလည်မှုတိုးမြင့်စေရန် အကူအညီပေးနိုင်ကြောင်း၊ ပထမဆုံးအဆင့်တွင် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန်ဖြစ်ပြီး ဆက်လက်၍ ဆန်းစစ်သုံးသပ်မှုများ (Analysis) ဖြင့် ပလက်ဖောင်းကို တိုးချဲ့သွား မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များနှင့် ဆန်းစစ်သုံးသပ်မှုများကို တိုးချဲ့မျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်ခြင်း၊ ကုန်သွယ်ရေးတင်းမာမှုများ လျှော့ချပေးနိုင်ခြင်းနှင့် အထောက်အပံ့ပေးသော အစိုးရများအကြား ပိုမိုဆွေးနွေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: www.wto.org

https://commerce.gov.mm

Category: International News