Local News

ပဲစဉ်းငုံစျေး စံချိန်တင်မြင့်တက်

Last Updated:

    မကွေးတိုင်းဒေသကြီးအတွင်း ပဲစဉ်းငုံကို မကွေး၊ အောင်လံ၊ တောင်တွင်း၊ မြို့သစ်နှင့် ဧရာဝတီ မြစ်အနောက်ဘက် မင်းဘူးအစရှိသည့် မြို့နယ်အနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ အပူပိုင်းဇုံ အတွင်း စိုက်ပျိုးထွက်ရှိသော သီးနှံဖြစ်သည့်အပြင် အခြားစိုက်ခင်းများတွင်လည်း သီးညှပ်အနေဖြင့် စိုက်ပျိုး၍ရသည့် သီးနှံဖြစ်သည့်အတွက် တောင်သူများတိုးချဲ့ စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။

    ပဲစဉ်းငုံသီးနှံသည် အိန္ဒိယနိုင်ငံအကြိုက်သီးနှံဖြစ်ကာ ပြည်ပဝယ်လက်ဖြစ်သည့် အိန္ဒိယနှင့်တရုတ် နိုင်ငံတို့သို့ တင်ပို့ရောင်းချနေရသော်လည်း အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချရကာ တရုတ် နိုင်ငံသို့လည်း ရံဖန်ရံခါ တင်ပို့ရောင်းချရပါသည်။ ယခုနှစ်တွင် ပဲစဉ်းငုံပေါ်စ အစောပိုင်းကတည်းက စျေးကောင်းရနေပြီး အိန္ဒိယဝယ်လိုအားကလည်း ကောင်းနေတဲ့အတွက် ပြည်တွင်းကစျေးခေါ်လိုက် အိန္ဒိယကဝယ်လိုက်နဲ့ စျေးကောင်းရနေပါသည်။ ယခုအချိန်သည် တောင်သူလက်ထဲတွင် ကုန် လက်ကျန်မရှိသလောက်ဖြစ်နေပြီး ကုန်သည်များနှင့် လှောက်လက်များတွင်သာ ကုန်လက်ကျန် ရှိ နေပါကြောင်း၊ အောင်လံနယ် တစ်ဝိုက်တွင် ကုန်လက်ကျန် အိတ်(၃၀၀၀၀)မှ (၅၀၀၀၀) ကြားရှိ နေသေးကြောင်း၊ နယ်မှတဆင့်ရန်ကုန်သို့သာ တင်ပို့ရောင်းချကြပြီး ရန်ကုန်ကုမ္ပဏီများမှ ဝယ်လက် နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

    ပဲစဉ်းငုံစျေးအနေဖြင့် ယနေ့ (၇.၆.၂၀၂၃) ရက်နေ့တွင် (၁၀၅ဝဝဝ) ကျပ်စျေးအထိ ရရှိနေပြီး (၅.၆.၂၀၂၃) ရက်နေ့တွင် (၁၀၇၀၀၀) ကျပ်စျေးအထိ ရရှိကာ ယခင်နှစ်က ယခုလိုအချိန်တွင် ပဲစဉ်းငုံ စျေး (၅၅၀၀၀) ကျပ်စျေးအထိသာ ရရှိခဲ့တဲ့အတွက် ယခင်နှစ်စျေးနှင့် ယခုနှစ်စျေး နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး စံချိန်တင်စျေးမြင့်တက်ခဲ့ကာ ယခုနှစ် ပဲစဉ်းငုံသီးနှံသည် တောင်သူရော ကုန်သည်ပါ စျေးကောင်းရသည့် နှစ်လည်းဖြစ်ပါကြောင်း သိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News