Local News

ဟိုပုံးမြို့တွင် မြန်မာ့ ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံတည်ဆောက်ရန် စီစဉ်နေ

Last Updated:

      ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ထောပတ်သီးစိုက် တောင်သူများ စုပေါင်းကာ ထောပတ်သီး သန့်စင်ထုပ်ပို့သည့် စက်ရုံကို လာမယ့် ထောပတ်သီးရာသီအမီ တည်ဆောက်သွားရန် စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ သိရှိရပါတယ်။ အခုလို စက်ရုံတည်ဆောက်ရခြင်းဟာ ရှမ်းပြည်နယ် (တောင်ပိုင်း) လက်လှမ်းမီသည့် နေရာများမှ ထောပတ်သီးများကို ယင်းစက်ရုံတွင် သန့်စင်ထုတ်ပိုးကာ ပြည်ပနိုင်ငံများသို့ တင်ပို့သွားရန် ရည်ရွယ်စီစဉ်တာဖြစ်ပြီး စက်ရုံတည်ဆောက်နိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းသွားမယ်လို့လည်း သိရှိရပါတယ်။

      မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်က “ စက်ရုံဆောက်ဖို့ တောင်သူတွေ စုစည်းနေပါတယ်။ နိုင်ငံတော်ချေးငွေလည်း လျှောက်ပါမယ်။ အခုလို တည်ဆောက်တာကလဲ ပြည်ပတင်ပို့နိုင်ဖို့ပါပဲ။ အသီးတွေကို သန့်စင်မယ်၊ အရွယ်အစားအမျိုးမျိုးခွဲမယ်၊ ပါကင်ထုပ်မယ်။ ပြည်ပနိုင်ငံတွေက တောင်းဆိုတဲ့အတိုင်း ထုပ်ပိုးပြီး ဝန်ဆောင်မှုပေးမှာပါ”လို့ နိုင်ငံပိုင် မီဒီယာနှင့် အင်တာဗျူးတစ်ခုအတွင်း ပြောဆိုထားပါတယ်။

              မြန်မာနိုင်ငံ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးတည်ဆောက်မယ့် ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို ငွေကျပ် သိန်း ၈,၀၀၀ ကျော်ကုန်ကျခံပြီး    လာမယ့် ထောပတ်သီးရာသီအမီ တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း အသင်းမှသိရှိရပါတယ်။ ပြည်ပဈေးကွက်သို့ မြန်မာ့ထောပတ်သီး တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းဖြစ်သည့် တရားဝင်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိပြီး ယခုနှစ်တွင် လမ်းကြောင်းသစ်အနေဖြင့် မလေးရှားနိုင်ငံသို့ လေကြောင်းမှတဆင့် တန်ချိန် (၅၀) စမ်းသပ်တင်ပို့ထားပြီး၊ လာမည့်နှစ်များတွင် မြန်မာ့ထောပတ်သီးကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရန် လျာထားကာ လာမယ့်ထောပတ်သီးရာသီချိန်တွင် တန်ချိန် (၅၀၀၀)အထိ ပမာဏ ထပ်တိုးထွက်လာမည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ပြောဆိုထားပါတယ်။

          ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မြန်မာ့ထောပတ်သီး အထွက်နှုန်းသည် တန်ချိန် (၃၀၀၀) ပမာဏ ထွက်ရှိထားကာ မြန်မာ့ ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ G to G စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း အသင်းမှ သိရှိရပါတယ်။

Source: https://t.me/htwettoe

Category: Local News