Local News

မိုးဦးကာလစိုက်ပျိုးသည့် မြေပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း တစ်ဧက ၅၅ ဒသမ ၂ တင်းခန့်ထွက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေး လုပ်ငန်းကို အားထားစိုက်ပျိုးကြရာ မိုးရွာသွန်းမှုကောင်းမွန်သဖြင့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧကလျှင် ၅၅ ဒသမ ၈၂ တင်းခန့်ထွက်ရှိ၍ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  သိရသည်။

“ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက နှစ်စဉ်မိုးဦးမိုးနဲ့ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် အားထားစိုက်ပျိုးကြပါတယ်။ တောင်သူအများစု စိုက်ပျိုးတဲ့မြေပဲမျိုးကတော့ မကွေး-၁၁ မြေပဲများကို စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုဆိုရင် အချို့ကျေးရွာတွေမှာ မိုးဦးကာလမြေပဲ သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေက မြေပဲစိုက်ခင်းတွေ စတင်သိမ်းဆည်းနေကြပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုကောင်းမွန်တဲ့အတွက် ဆီထွက်သီးနှံမြေပဲ စိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းတယ်။ တစ်ဧကကို ၅၅ ဒသမ ၈၂ တင်းခန့် ထွက်တယ်။ မြေပဲဈေးလည်း ကောင်းတော့ ဒီနှစ်မြေပဲသီးနှံစိုက် တောင်သူတွေအဆင်ပြေပါတယ်”ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ  ဒေသခံတောင်သူ တစ်ဦးကပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အသုံးချပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကာ သီးနှံများစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိစေမည့် ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြသည်။

အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံစသည့်သီးနှံများကို စိုက်ပျိုးကြပြီး ယခုနှစ် မိုးဦးကာလတွင်  ဒေသခံတောင်သူများ စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများမှာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် စနစ်တကျစိုက်ပျိုးဆောင်ရွက်ခဲ့သဖြင့် မြေပဲအထွက်နှုန်းများလည်း ကောင်းမွန်လျက်ရှိကြောင်း၊ တစ်မြို့နယ်လုံး ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးမှုအနေဖြင့်  မြေပဲလျာထားဧက  ၂၉၃၃ ဧကရှိရာ  မြေပဲစိုက်ဧက  ၁၀၈၀  စိုက်ပျိုးနိုင်ခဲ့ကြောင်း  ပွင့်ဖြူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး  ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် မိုးစပါးသီးနှံ ၆၉၉၄၃ ဧက၊ ဖူးစားပြောင်း ၁၂၈၂ ဧက၊ နှံစားပြောင်းဧက ၂၀၊ ပဲမျိုးစုံသီးနှံ ၉၃၂၆ ဧက၊ ဆီထွက်သီးနှံစုံ ၁၀၅၃၈ ဧက၊ ဝါသီးနှံဧက  ၅၀၀၀၊ ကြံ ၈ ဧက၊ ထန်း၂၂၂ ဧက၊ ကွမ်း ၅၂ ဧက၊ ငရုတ်စို ၄၀၄ ဧက၊ အခြားစားသုံးသီးနှံဧက ၃၉၀၀၊ ကျွဲ၊နွားတိရစ္ဆာန်အစာပင် ၂၉၁၇ ဧက၊ အထွေထွေသီးနှံ ၉၈၁ ဧကနှင့် အစေ့ကျားကြက်ဆူ၂၅ ဧက လျာထားစိုက်ပျိုးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

Source: https://www.myawady.net.mm

Category: Local News