မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် မြေပဲဆုံဆီ နဝလီကြိတ်ခွဲသည့်လုပ်ငန်းရှင်များ ယခင်က ထက် ပို၍တွင်ကျယ်စွာ လုပ်ကိုင်လျက် ရှိပါသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းထက် နဝလီကြိတ်ခွဲခြင်းသည် ပို၍ တွက်ခြေကိုက်မှုရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ မြေပဲလုံးဆံတစ်ပိဿာလျှင် ကျပ် (၈၀၀၀-၈၄၀၀)၊ ပဲလေးတစ်ပိဿာလျှင် ကျပ် (၇၈၀၀-၈၁၀၀)၊ ပဲခွေဖတ်တစ်ပိဿာလျှင် ကျပ်(၆၂၀၀-၆၄၀၀) ဖြစ်ကြောင်း၊ ဆုံဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀) ဖြင့် ရောင်းချနေကြောင်း၊ ဆုံကြိတ်ခမှာ (၅) ပိဿာတစ်ဆုံလျှင် ကျပ် (၃၀၀၀) ယူပြီး (၂၅) ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ်(၁၅၀၀၀)၊ လက်ကားဈေး ကျပ်(၁၃၀၀၀) ယူကြောင်း၊ ကြိတ်ခွဲချိန် ကြာချိန်မှာ (၁) ဆုံလျှင် (၁) နာရီမှ (၁:၁၅)ကြာပြီး ဆုံ (၂) လုံးရှိသော လုပ်ငန်းရှင်မှာ တစ်နေ့လျှင် မြေပဲအိတ် (၂-၃) အိတ်၊ ဆုံ (၄) လုံးရှိသော လုပ်ငန်းရှင်မှာ မြေပဲအိတ် (၄-၅) ခန့်ကြိတ်ခွဲပြီးကြောင်း၊ ဆုံအရေအတွက်ပေါ် မူတည်၍ မိသားစုဝင်ငွေ တစ်ရက်လျှင် ကျပ်(၃၀၀၀၀-၅၀၀၀၀) ရရှိကြောင်း၊ ဈေးကွက်ရှာစရာမလိုဘဲ အလုပ်အကိုင်အခွင့်အလမ်းရရှိသောကြောင့် စားဝတ်နေရေး အဆင်ပြေပြီး တွက်ခြေကိုက်ကြောင်း နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
Source: https://www.doca.gov.mm
မကွေးတိုင်းဒေသကြီး၊၊ ပခုက္ကူမြို့၌ မြေပဲဆုံဆီ နဝလီကြိတ်ခွဲသည့် လုပ်ငန်းရှင်များ အဆင်ပြေပြီး တွက်ခြေကိုက်လျက်ရှိ
Category:
Local News