Local News

အညာဒေသထွက် ဆီးသီးဆီးဆံစျေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့သည့်ဒေသဖြစ်၍ ဆီးပင်အများအပြား အလေ့ကျပေါက်ရောက်ရာ ဒေသလည်းဖြစ်ပါသည်။ ဆီးသီးကုန်ကြမ်းပေါများသည့်အတွက် Value Added ထုတ်လုပ်သည့် လုပ်ငန်းရှင်များလည်း ရှိပါသည်။ အညာဒေသထွက်ဆီးသီးကို ဆီးယို၊ ဆီးဖျော်ရည်နှင့် အလှကုန်များတွင် ထည့်သွင်းထုတ်လုပ်ကြပါသည်။ ဆီးသီးကိုစားသုံးပါက ကျန်းမာရေးနှင့် ညီညွတ်ကာ စိတ်ကြည်လင်လန်းဆန်းစေပါသည်။

ဆီးသီးကိုပြည်တွင်းထုတ်လုပ်သူများမှ ဝယ်လိုအားရှိနေပြီး ဆီးသီးမှထွက်ရှိသည့် ဆီးဆံကို ပြည်ပစျေးကွက်အနေဖြင့် တရုတ်နှင့်ကိုရီးယားနိုင်ငံတို့သို့ တင်ပို့ရောင်းချနေရပါသည်။ ယခုလက်ရှိတွင် တရုတ်နှစ်သစ်ကူးပွဲတော်နီးလာ၍ တင်ပို့မှုမှာ ယခင်ရက်များထက် နည်းနေပါသည်။ ဆီးဖျော်ရည်လုပ်ငန်းများဖြစ်သည့် စလေ(ရှေ့ဆောင်)၊ Jumjul ၊ OK-1အစရှိသည့် လုပ်ငန်းရှင် များမှလည်း ပြည်ပစျေးကွက်ထိုးဖောက်နိုင်ရေးအတွက် ပြည်ပကုန်စည်ပြပွဲများတွင် သွားရောက်ပြသခဲ့ကြပါသည်။

ဆီးသီးမှာ ဇန်နဝါရီလတွင်စတင်ထွက်ပေါ်လာပြီး ဧပြီလအထိ ထွက်ရှိပါသည်။ ယခုနှစ်တွင် ဆီးသီးစျေးကောင်းရရှိနေကာ မန္တလေးသို့အများဆုံး တင်ပို့ရောင်းချနေရပါသည်။ ယခုနှစ်ဆီးသီး အစိုတစ်တင်းလျှင် ကျပ်(၁၁၀၀၀မှ ၁၂၀၀၀)၊ အခြောက်တစ်တင်းလျှင် ကျပ်(၁၅၀၀၀)စျေးရရှိနေပြီး ဆီးဆံတစ်ပိသာလျှင် ကျပ်(၅၅၀၀၀မှ ၅၈၀၀၀)စျေးအထိ ရရှိပါသည်။ ယခင်နှစ် ဆီးသီးစျေးမှာ အစိုတစ်တင်းလျှင် ကျပ်(၁၀၀၀၀)၊ အခြောက်တစ်တင်းလျှင် ကျပ်(၁၄၀၀၀မှ ၁၅၀၀၀)နှင့် ဆီးဆံ တစ်ပိသာလျှင် (၈၀၀၀၀)စျေးထိ အမြင့်ဆုံးရရှိသည့်အတွက် ဆီးသီးအစိုနှင့်အခြောက်စျေးမှာ ယခင် နှစ်ထက်စျေးပိုရပြီး ဆီးဆံစျေးမှာလည်း ယခင်နှစ်ထက် စျေးပိုမိုရရှိလာနိုင်သည်ဟု မျှော်လင့်၍ အ‌ရောင်းအဝယ်သွက်လျက်ရှိကြောင်း ဆီးသီးလုပ်ငန်းရှင်မှ သိရှိရပါသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News