Local News

ယခုနှစ် ရှစ်လတာကာလအတွင်း ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၄၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု

Last Updated:

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၄၀၀၀ ကျော်ဖန်တီးပေးနိုင်မည့်   ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း  ၄၅  ခု  ခွင့်ပြုပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၊ ဖေဖော်ဝါရီလတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ မတ်လတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခု၊ ဧပြီလတွင်   မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတစ်ခု၊  မေလတွင်  ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ဇွန်လတွင်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခု၊  ဇူလိုင်လတွင်  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊   သြဂုတ်လတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  ၁၁ ခုတို့ကိုခွင့်ပြုပေးခဲ့ပြီး လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍနှင့်   ဝန်ဆောင်မှုကဏ္ဍများ ါဝင်ကြောင်း သိရသည်။

ယင်းကာလအတွင်း အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်၍ လျှပ်စစ်စွမ်း အင်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း၊ မြေပဲနှင့်နေကြာများကိုကြိတ်ခွဲ၍ ဆီထုတ်လုပ်ခြင်းနှင့် စားအုန်းဆီ သန့်စင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ ဆေးဆိုးပန်းရိုက် အဝတ်အထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ Warehousing and Logistics Services လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွပ်ချောသန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်း၊ လျှပ်စစ်ဝိုင်ယာကြိုးအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အလူမီနီယမ်၊ ခဲမဖြူ (သံဖြူ) နှင့် ကြေးနီသတ္တုထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၊ တန်ဖိုးမြှင့်ရော်ဘာကုန်ကြမ်းများကို  ပြည်ပသို့တင်ပို့ခြင်း လုပ်ငန်းနှင့် ဂျပ်ဖာများထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်း၌ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့်    ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် ဇန်နဝါရီလတွင် ၄၃၂၂ ဦး၊ ဖေဖော်ဝါရီလတွင် ၉၀၂ ဦး၊ မတ်လတွင် ၄၃၂၂ ဦး၊ ဧပြီလတွင် ၁၆၃ ဦး၊ မေလတွင် ၄၅ ဦး၊  ဇွန်လတွင်  ၄၄၈၄  ဦး၊  ဇူလိုင်လတွင် ၆၁၇  ဦးနှင့် သြဂုတ်လတွင်  ၉၂၁၆ ဦး စုစုပေါင်း ၂၄၀၇၁ ဦးကို ပြည်တွင်းအလုပ် အကိုင်များ   ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ယင်းကာလအတွင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံအပါအဝင် တခြား နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြကြောင်း သိရသည်။      

Source: https://www.myawady.net.mm

Category: Local News