Local News

ဓနုဖြူမြို့နယ်တွင် ချင်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ချင်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပြ၍ သိရသည်။

ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်းက ချင်း ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ထိသာဈေးရှိခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ ယနေ့(စက်တင်ဘာလ ၁၂) ရက်နေ့ထိ ချင်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါချင်းများ ဈေးကောင်းရရှိလာသည့်အတွက် ချင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနေကြောင်း သိရသည်။

“လက်ရှိ ချင်း ၁၀ ပိဿာကို ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိလာပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေက အဓိကအဆင်ပြေတာတွေ့ရပါတယ်။ အခုလိုချင်ဈေး ချင်းဈေးကောင်းလာတာကလည်း ပြည်တွင်းဈေးကွက်မှာကို ချင်းက အဝယ်ကောင်းနေလို့ ဖြစ်ပါတယ်။ ဒေသထွက်ချင်းတွေကို ဒေသဈေးအပြင် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ဒေသမှာက ချင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့သူတွေများတယ်။ အခြားဒေသတွေလောက် အများကြီးမထွက်ပေမဲ့ ပုံမှန်ထွက်ရှိနေပါတယ်”ဟု ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပြသည်။

ဓနုဖြူမြို့နယ်တွင် ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီး ချင်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါချင်းများ ဈေးကောင်းရရှိလာသည့်အတွက် ချင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနေကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News