Local News

ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၃၄၄၀ ကျော် တင်ပို့ရောင်းချခဲ့

Last Updated:

ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၃၄၄၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။ ပဲစင်းငုံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးကြပြီး ပြည်တွင်းဈေးကွက်တွင် စားသုံးမှုအနည်းငယ်သာရှိနေ၍ ပြည်ပဈေးကွက်ကိုသာ အားထားနေရသည့် ပဲအမျိုးအစားဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ သန်းတန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၃၄၄၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်ချရာတွင် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၃၃၂၀ ကျော်ဖြင့် အများဆုံးတင်ပို့ရောင်းချခဲ့ပြီး စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၂၀ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ပဲစင်းငုံများကို ယခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိ ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၅၇၂ သန်း‌ဖိုးထိ တင်ပို့ရောင်းချခဲ့ပြီး ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ ပဲစင်းငုံပြည်ပတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၄၂ သန်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပဲစင်းငုံများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှ ပဲစင်းငုံများကို အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူနေကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်ထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းခွင့်ကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပဲစင်းငုံများကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုမြင့်တက်နေသဖြင့် ရန်ကုန်မြို့ ဘုရင်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် နိုဝင်ဘာလ ၉ ရက်နေမှစ၍ ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၃၉ သိန်းဈေးနှုန်းရရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံစိုက်ဧက ၁၁ သန်းကျော် စိုက်ပျိုးလျက်ရှိရာ ပဲစင်းငုံကို ပဲမျိုးစုံစိုက်ဧက၏ ၁၅ ရာခိုင်နှုန်းထိ စိုက်ပျိုးမှုရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News