International News

အိန္ဒိယနိုင်ငံ၌ ရာသီဥတုအခြေအနေအရ ပဲစင်းငုံနှင့် ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၌ မဟာရဋ္ဌပြည်နယ်၊ ဂူဂျရတ်ပြည်နယ်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် အနောက်ပိုင်းနှင့် ရာဂျပ်စတန်ပြည်နယ်ရှိ နေရာဒေသအချို့တို့တွင် မကြာသေးမီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလျက် မိုးသီးများကျရောက်ခဲ့မှုက ရှေ့လာမည့် ၃ လတာအတွင်း ပဲစင်းငုံနှင့် ကြက်သွန်နီ ဈေးနှုန်းများ ဖောင်းပွမှုကို ၆% အထိ မြင့်တက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက် ရှိကြသည်။ 

စားသောက်ကုန်ဈေးနှုန်းများ ဖောင်းပွမှုသည် ဖိအားများ၏အောက်တွင် ဆက်လက်တည်ရှိလျက် ရှေ့လာမည့် ၃ လတာအတွင်း ၆% ခန့် မြင့်တက်လာဖွယ်ရှိကြောင်း၊ လက်ရှိကာလတွင် ဆောင်းသီးနှံများ စိုက်ပျိုးနိုင်မှုမှာ နောက်ကျလျက်ရှိပြီး ဆည်တာတမံများ၌ ရေစုဆောင်းမှု နိမ့်ကျခြင်းက အဆုံးသတ်အားဖြင့် သီးနှံအထွက်ပမာဏ အပေါ်သက်ရောက်မှုရှိနိုင်ကြောင်းဖြင့် Baroda ဘဏ်မှ စီးပွားရေးရာ အရာရှိချုပ် Madan Sabnavis က ပြောကြားခဲ့သည်။

ယခင်လ၌ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှုမှာ ၄.၉% ကျဆင်းခဲ့သော်လည်း စားသောက်ကုန်ဈေးနှုန်းများ ဖောင်းပွ မှုသည် ပြောင်းလဲမှုမရှိပဲ ၆.၆% ဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။ အိန္ဒိယ မိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ နိုင်ငံအလယ်ပိုင်းရှိ ပင်မစိုက်ပျိုးရေးဇုန်ဒေသများ၌ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်နေ့အတွင်း ကာလရှည်ပျမ်းမျှ မိုးရွာသွန်းမှုအပေါ် ၆၈၂% အထိ မြင့်တက်မှုကို ကြုံတွေ့ခဲ့ရအပြီးတွင် စားသောက်ကုန်ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်မှုမှာ ပိုမိုများပြားလာဖွယ် ရှိသည်။

 အချိန်အခါမဟုတ် မိုးသီးကြွေမှုနှင့် မိုးရွာသွန်းမှုများက စိုက်ပျိုးထားရှိသော ပဲစင်းငုံနှင့် ကြက်သွန်နီ စိုက်ခင်းများအပေါ်ကြီးမားစွာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စိုက်ပျိုးရေး ပညာရှင်များက ပြောဆိုလျက်ရှိသည်။

ကြက်သွန်နီနှင့် ပဲမျိုးစုံ နှစ်ရပ်ပေါင်းသည် လက်လီဈေးနှုန်း ဖောင်းပွမှုအပေါ် ၃% မြင့်တက်မှု ဖြစ်စေခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပဲစင်းငုံဈေးနှုန်းများသည် ယခင်နှစ် ကာလနှင့် နှိုင်းယှဉ်ပါက ၄၀.၉% မြင့်တက်မှုနှင့်အတူ ပဲမျိုးစုံဈေးနှုန်းများ ဖောင်းပွမှုသည် ၁၈.၈% မြင့်တက်ခဲ့သည်။ အဆိုပါ ပဲစင်းငုံဈေးနှုန်း ဖောင်းပွမှုနှုန်းသည် စက်တင်ဘာလကထက် ၃၇.၃% မြင့်မားလာခြင်းဖြစ်ပြီး ပဲတင်သွင်းမှုပိုမိုလာအောင် သွင်းကုန်အပေါ် ချမှတ်ထားသော အကောက်ခွန်နှုန်းထားကို လျှော့ချဆောင်ရွက်သည့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ သက်ရောက်မှု အနည်း ငယ်သာရှိခဲ့သည်။ 

ပဲစင်းငုံဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိသဖြင့် ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှုသည် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိသည်။ IDFC First Bank မှ စီးပွားရေးပညာရှင် Gaura Sengupta က နှစ်အလိုက်နှိုင်းယှဉ်ပါက နိုဝင်ဘာလ၌ ပဲစင်းငုံ လက်လီရောင်းဈေးနှုန်းများသည် ၃၇.၇% မြင့်တက်ခဲ့ကြောင်း၊ ၎င်းအချက်က ခေါင်းစည်းပိုင်း စားသုံးသူ ဈေးနှုန်း အညွှန်းကိန်း (Headline Consumer Price Index) တွင် ၀.၃% ခန့်  မြင့်တက်မှုဖြစ်စေကြောင်း၊  လွှမ်းခြုံသုံးသပ်ရပါက  နှစ်အလိုက်နှိုင်းယှဉ်ရာ၌  နိုဝင်ဘာလအတွင်း  ပဲမျိုးစုံဈေးနှုန်းများ သည် စားသုံးသူဈေးနှုန်းအညွှန်းကိန်း အပေါ် ၂၂% မြင့်တက်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းများ ၇၉% အထိ  ကြီးမြင့်မှုသည်လည်း စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းအပေါ် ၀.၅% မြင့်တက်မှုဖြစ်စေကြောင်း သိရှိရသည်။ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် သုတေသနပြုအဖွဲ့တစ်ခုဖြစ်သော Agriwatch မှ သုတေသီ Tanmay Deepak က မကြာသေးမီရက်ပိုင်းအတွင်း မဟာရဋ္ဌပြည်နယ်၌ မိုးသီးများကျရာက်ခဲ့ခြင်းကြောင့် Nashik နှင့် Ahmednagar ဒေသများတွင် ကြက်သွန်နီသီးနှံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်၌ အဝယ်ဒိုင်များသို့ ကြက်သွန်နီဝင်ရောက်မှုမှာ အမြင့်မားဆုံးဖြစ်သင့်သော်လည်း လက်တွေ့တွင် ကြက်သွန်အဝင် ကျဆင်းလျက်ရှိပြီး ဈေးနှုန်းများ မြင့်တက်မှုကို တွန်းအားပေးလျက်ရှိကြောင်း၊ ရာသီဥတု ကောင်းမွန်မှုမရှိသည့် အခြေအနေအရ မိုးကြက်သွန်နီ စိုက်ပျိုးမှု နှောင့်နှေးကြန့်ကြာခဲ့သဖြင့် စိုက်ဧကကျဆင်းမှုနှင့်အတူ ဈေးကွက်ဝင်ရောက်မှုမှာလည်း နောက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီ-မေလများ၌ ရိတ်သိမ်းထွက်ရှိမှုမှ သိုလှောင်ထားရှိခဲ့သော ဆောင်းကြက်သွန်နီ လက်ကျန်နည်းပါးမှုနှင့်အတူ မိုးကြက်သွန်နီ ဝင်ရောက်မှု နှောင့်နှေးခြင်းက ရောင်းလိုအားအပိုင်း ကျပ်တည်းမှုဖြစ်ပေါ်ပြီး ဈေးနှုန်းမြင့်တက်စေခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။

အစိုးရ၏စာရင်းများအရ စားဖိုဆောင်သုံးအဓိကသီးနှံဖြစ်သော ကြက်သွန်နီ၏ အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးကို လွှမ်းခြုံသည့် လက်လီဈေးနှုန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၅၇.၈၅ ရူပီးနှုန်းဖြစ်ပြီး ယခင်နှစ် ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ၁ ကီလိုဂရမ်လျှင် ၂၉.၇၆ ရူပီးနှုန်း အပေါ် ၉၄.၃၉% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 2 Dec 2023

Source: https://www.doca.gov.mm

Category: International News