International News

သီတင်းပတ် ၄ ပတ်အတွင်း မလေးရှားစားအုန်းဆီဈေးနှုန်း ကျဆင်း

Last Updated:

မလေးရှားနိုင်ငံ၌ နိုဝင်ဘာလကုန်တွင် စားအုန်းဆီသိုလှောင်မှု လက်ကျန်ကျဆင်းမည်ဟု မျှော်လင့်ထားသော်လည်း ပြိုင်ဘက်ဟင်းသီးဟင်းရွက်ဆီများ၏ ဈေးနှုန်းလျော့နည်းခြင်းကြောင့် စားအုန်းဆီ၏ အနာဂတ်ကြိုပွိုင့်ဈေးနှုန်းသည် ရက်သတ္တပတ် ၄ ပတ်အတွင်း အနိမ့်ဆုံးသို့ ၆-၁၂-၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ကျဆင်းခဲ့ကြောင်း သိရပါသည်။

ဘာဆာမလေးရှား ဆင့်ပွားဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဖေဖော်ဝါရီလအတွက် သင်္ဘောတင်ပို့ဆောင်မည့် စားအုန်းဆီစာချုပ်တွင် စားအုန်းဆီ တစ်တန်လျှင် မလေးရှား ရင်းဂစ် ၆၂ (၁.၆၄ ရာခိုင်နှုန်းခန့်) ကျဆင်းသွားကာ တစ်တန်လျှင် ၃၇၁၉ ရင်းဂစ် သို့ ကျဆင်းသွားခဲ့သည်။

တောင်အမေရိက ပဲပုပ်ဆီဈေးနှုန်း အဆက်မပြတ်ကျဆင်းမှုက စားအုန်းဆီဈေးနှုန်း ကျဆင်းမှုကို ဆက်လက်ဖြစ်ပေါ်စေပြီး တစ်ဖက်တွင် အိန္ဒိယ၊ တရုတ်နှင့် အခြား အာရှနိုင်ငံများတွင် ရာသီဥတုအေးလာသောကြောင့် စားအုန်းဆီဝယ်ယူမှု ရှောင်ရှားသည့်ကာလအတွင်း ဝယ်လိုအားတိုးမြင့်လာစေရေး ဆွဲဆောင်နေရသည့်အချိန်ဖြစ်ကြောင်း မွမ်ဘိုင်းအခြေစိုက် Sunvin သုတေသနအဖွဲ့မှ သုတေသန အရာရှိ Mr. Anilkumar Bagani က ပြောကြားကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၊ Dalian ပဲပုပ်ဆီစာချုပ်တွင် ၁.၆% ကျဆင်းခဲ့ပြီး ၎င်း၏ စားအုန်းဆီစာချုပ် သည် ၃.၂၉% ကျဆင်းသွားကြောင်း၊ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ဖော်ပြသည့် ပဲပုပ်ဆီ ဈေးနှုန်းသည် ၀.၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြပါသည်။

၂၀၂၂-၂၃ ရာသီတွင် စားအုန်းဆီ တင်သွင်းမှု  ၂.၅ % အထိ ကျဆင်းခဲ့သည့်အတွက် ၂၀၂၃-၂၄ ရာသီတွင် ကမ္ဘာ့စားအုန်းဆီတင်သွင်းမှုအနေဖြင့် တန်ချိန် ၄၈.၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ရာခိုင်နှုန်းအားဖြင့် ၀.၄% သာ ကျဆင်းနိုင်ကြောင်း Refinitiv ကုန်စည်သုတေသနအဖွဲ့က ဖော်ပြပါသည်။

၂၀၂၂-၂၃ ရာသီတွင် ဥရောပသမဂ္ဂမှ စားအုန်းဆီတင်သွင်းမှုအနေဖြင့် တန်ချိန် ၁.၆၄ သန်း သာရှိခဲ့ကြောင်းနှင့် ယခု ၂၀၂၃-၂၄ ရာသီတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ ၃ ရက်နေ့ အထိ တန်ချိန် ၁.၄၈ သန်းရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: Business Recorder, 6 Dec 2023

Source: https://www.doca.gov.mm

Category: International News