Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၉၈၀၀၀ ထိတင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၉၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူဝင်းက ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၅၃၀၀၀ ထိသာရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးခြောက်မျိုးစုံ ပိဿာချိန် ၉၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်များသည် အရည်အသွေးကောင်းမွန်ကြောင်း သိရသည်။

“ဒေသကထွက်တဲ့ ငါးခြောက်မျိုးစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ငါးခြောက်တွေကတော့ ပြည်တွင်းမှာကို စားသုံးသူများလို့ အဝယ်လိုက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၉၈၀၀၀ ထိ ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့ရောင်းချအားတက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေါ်ကြူကြူဝင်းက ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်အမျိုးအစားသည် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက် စသည့်ငါးခြောက်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်တစ်ပိဿာချင်း ဈေးနှုန်းများမှာ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၊ ငါးကွမ်းရှပ်(ငါးညို) တစ်ပိဿာလျှင် ငွေကျပ် ၄၉၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀၀၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀၀ တို့ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News