International News

အတက်/အကျ ကြမ်းနေသည့် ငွေလဲလှယ်နှုန်းအပေါ် အာဆီယံ+(၃) နိုင်ငံများက စိုးရိမ်

Last Updated:

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် ၎င်းတို့၏ ငွေကြေးများ အမေရိကန် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက တန်ဖိုးဆက်လက်ကျဆင်းနေသည့်ကြားက နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ဈေးကစားမှုကြောင့် ငွေလဲနှုန်း အတက်/ အကျကြမ်းနေမှုအပေါ် စိုးရိမ်မိကြောင်း သောကြာနေ့က အသိပေးထုတ်ပြန်ထားပါသည်။

ဂျော်ဂျီယာနိုင်ငံ၊ Tbilisi မြို့၌ အစည်းအဝေးပြုလုပ်ခဲ့သည့် အာဆီယံ+ (၃) နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့်ဗဟိုဘဏ် ဥက္ကဋ္ဌများသည် ဒေသတွင်းစီးပွားရေးကို အနှောင့်အယှက်ဖြစ်စေသည့် မတည်ငြိမ်မှု ပိုမိုမြင့်မားလာသော နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်နှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ကြပါသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က “ ငွေလဲ နှုန်းတည်ငြိမ်ရန် လိုလားပြီး အတက်/အကျ ကြမ်းစေမည့် ဆောင်ရွက်ချက်များကို မလိုလားကြောင်း” သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

အာရှနိုင်ငံများ၌ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများတိုးလာကြောင်း၊ ယခုနှစ်စမှစ၍ ထိုင်းဘတ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၇ % ကျော် ကျဆင်းခဲ့ကြောင်းနှင့် အင်ဒိုနီးရှား ရူပီးသည်လည်း ၅ % ကျဆင်းခဲ့ကြောင်း၊ ဧပြီလက အင်ဒိုနီးရှားဗဟိုဘဏ်သည် (၆) လအတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်လိုက်ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့က အမေရိကန် ၁ ဒေါ်လာလျှင် ဂျပန်ယန်း ၁၆၀ အောက်သို့ ယာယီကျဆင်းခဲ့ပြီး  (၃၄) နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဂျပန်ယန်းသည် ၁၅၄ သို့ ပြန်လည်ခုန်တက်ခဲ့ကြောင်း၊ သောကြာနေ့ နယူးယောက် ဈေးကွက်ပိတ်ဈေးအရ ယန်းငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၁၅၂ အထက်တွင်ရှိခဲ့ပြီး ငွေဈေးနှုန်း အတက်အကျ ဆက်လက်ဖြစ်ပေါ်မှုကြောင့် ၁၅၁ အထက်ထိ ရောက်ရှိခဲ့ကြောင်း ဂျပန်သတင်းဌာန Takashi Itoda က ရေးသားဖော်ပြထားပါသည်။

ဂျပန်အစိုးရနှင့် ဗဟိုဘဏ်တို့မှ ယန်းငွေကိုပြန်လည်ဝယ်ယူပြီး ဒေါ်လာထုတ်ရောင်းခြင်းစသည့် နိုင်ငံခြားငွေလဲနှုန်းအပေါ် ဝင်ရောက်စွက်ဖက်နိုင်ခြေနှင့်ပတ်သက်၍ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က သီးခြားမှတ်ချက်ပြုပြောကြား ခဲ့ခြင်းမရှိသော်လည်း “ငွေလဲနှုန်း အတက်/ အကျကြမ်းလာလျှင် တည်ငြိမ်အောင် ထိန်းချုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ” ပြောကြားခဲ့ပါသည်။

အာဆီယံ+ (၃) နိုင်ငံများသည် ငွေကြေးဂယက်များအတွက် ကြိုတင်ပြင်ဆင်ခဲ့သည့် ဒေသတွင်း ငွေကြေးလဲလှယ်မှု အစီအစဉ်ဖြစ်သော ချင်းမိုင်ကနဦးအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် ကူးစက်ရောဂါများ ပျံ့နှံ့မှုကဲ့သို့သော အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်ရေးဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပေါ်လာစေရေးတို့ကို သဘောတူညီခဲ့ကြပါသည်။

ဂျပန်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများကလည်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ကိစ္စရပ်များစွာအနက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်ကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

Source: https://asianews.network

Source: WTO ဌာနခွဲ

Source: ကုန်သွယ်ရေးဦးစီးဌာန

Source: https://commerce.gov.mm

Category: International News