International News

ဗြိတိန်နိုင်ငံ၏ သစ်တောဥပဒေသည် စားအုန်းဆီကုန်သွယ်မှုအပေါ် တရားမျှတမှုရှိရန် လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံပြောဆို

Last Updated:

စားအုန်းဆီကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိစေမည့် ဗြိတိန်နိုင်ငံ၏ သစ်တောကဏ္ဍအပေါ် ဆိုးကျိုးအန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာ ဥပဒေ (Due Diligence Law) အား မျှတမှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး အင်ဒိုနီးရှားနိုင်ငံက ဗြိတိန်နိုင်ငံသို့ တောင်းဆိုတိုက်တွန်းထားကြောင်း Antara News ဌာနက မေလ ၁ ရက်နေ့တွင် ဖော်ပြပါသည်။

အင်ဒိုနီးရှား စီးပွားရေးရာညှိနှိုင်းရေး ဝန်ကြီး Mr. Airlangga Hartarto သည် ဗြိတိန်နိုင်ငံ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီး Mr. Richard Henry Ronald Benyon နှင့် ၃၀-၄-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ လန်ဒန်မြို့တွင် တွေ့ဆုံစဉ် အဆိုပါတောင်းဆိုချက်ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ Due Diligence Law သည် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းအပေါ် ခွဲခြားဆက်ဆံခြင်းတို့ ပြုလုပ်ခြင်းမပြုစေလိုကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်တည်တံ့သော ဘက်စုံကုန်သွယ်မှုစနစ်ကို တည်ဆောက်ပိုင်ခွင့်ရှိကြောင်း၊ ဗြိတိသျှအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးနှင့် နိုင်ငံစုံ ကုန်သွယ်မှု စည်းမျဉ်းများနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း ၁-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှား၊ စီးပွားရေးရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto ၏ တိုက်တွန်းချက်တွင်ပါဝင်ကြောင်း သိရပါသည်။

ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon ၏ ပြောကြားချက်မှာ ဗြိတိန်အစိုးရသည် မိတ်ဖက်နိုင်ငံများရှိ စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြုလက်မှတ်များကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး တိကျသေချာသောနည်းဥပဒေများဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ခြင်းအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စံနှုန်းများတွင် အင်ဒိုနီးရှားနိုင်ငံ၏ စဉ်ဆက်မပြတ်စားအုန်းဆီ ထုတ်လုပ်ရေးစနစ် (ISPO) နှင့် စဉ်ဆက်မပြတ် စားအုန်းဆီဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးချက် (RSPO) တို့ပါဝင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် လုပ်ကွက်ငယ်တောင်သူမျာ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဗြိတိန်အစိုးရအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon က သစ်တောကဏ္ဍအပေါ် ဆိုးကျိုးအန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာနည်းဥပဒေကို အကောင်အထည်‌ ဖော်ဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ကွဲပြားနေပြီး သစ်တောရေရှည်တည်တံ့မှုအတွက် ဆိုးကျိုးအန္တရာယ်မရှိဘဲ ရေရှည်တည်တံ့သော ထုတ်ကုန်များ ထောက်ပံ့ရေးကွင်းဆက်ကို အင်ဒိုနီးရှားနိုင်ငံနှင့် တည်ဆောက်လိုကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto သည် ဇီဝဒီဇယ် ထုတ်လုပ်ရေး (B40) အစီအစဉ်၊ ဒီရေတော စိုက်ခင်းနှင့် စွမ်းအင်အကူးအပြောင်း အရှိန်မြှင့်ခြင်းစသည့် အစီအမံ များမှတစ်ဆင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ရာတွင် အင်ဒိုနီးရှားနိုင်ငံ၏ တိုးတက်မှုကို အဆိုပါတွေ့ဆုံမှုအတွင်း မျှဝေခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ခိုင်မာသော ကတိကဝတ်ပုံစံတစ်ခုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အဆင့်မြှင့်တင်ထားသည့် Nationally Determined Contributions (NDCs) စာတမ်းကို ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အတွင်းရေးမှူးရုံးသို့ တင်သွင်းခဲ့ကြောင်း၊ ဤစာတမ်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၃၁.၈၉ ရာခိုင်နှုန်းကို ခြွင်းချက်မရှိ သို့မဟုတ် နိုင်ငံတကာ အကူအညီမပါပဲ ဖြတ်တောက်နိုင်ရန် ဦးတည်ဆောင်ရွက်နေသည်ကို ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

Source: Antara News, May 1, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News