Local News

ပြည်တွင်း စားသုံးမူပုံမှန်ရှိနေသည့်အတွက် ငရုတ်သီးခြောက် အမြင့်စျေးတွင်ရှိ

Last Updated:

         ပြည်တွင်း စားသုံးမူပုံမှန်ရှိနေသည့်အတွက် ငရုတ်သီးခြောက် အမြင့်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်း ငရုတ်သီး ဝယ်ရောင်းလုပ်ကိုင်သူများ ထံမှသိရသည်။ ပြည်ပ ဝယ်ယူမူ လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုနှင့်တင် လုံလောက်မူရှိနေသည့်အတွက် စျေးနှုန်းမှာ အမြင့်စျေးတွေ ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

         “စျေးက အတက်စျေးနဲ့ ငြိမ်နေကြာပြီး၊ ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ်တော့ အနည်းလေး အေးတယ်။ ပြီးခဲ့တဲ့ နှစ်ကလောက် စျေးကွက်မဖြစ်လောက်ဘူး၊ ၆လပိုင်းတောင်ရောက်ပြီလေ။ ဆက်တက်ရင်လဲ ၁၇၀၀၀၊ ၁၈၀၀၀ မကျော်ဘူး။ ပြီးခဲ့တဲ့နှစ်က ၂၀၀၀၀ကျော်ထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီစျေးက တွက်ခြေကိုက်တယ်။ လှောင်ကုန်ထားတဲ့ သူတွေကတော့ ဒီစျေးနဲ့ မကိုက်ဘူး" ဟု ညောင်တုန်းမြို့နယ်မှ ငရုတ်စိုက်၊ ဝယ်ရောင်းလုပ်ကိုင်သူ ဦးဇော်နိုင်ဦးက ပြောသည်။

        လက်ရှိ ငရုတ်သီးခြောက် အောက်စသီး တစ်ပိဿာ လျှင် ၁၁၀၀၀မှ ၁၃၀၀၀ အထိရှိပြီး မိုးထောင်သီး တစ်ပိဿာလျှင်  ၁၃၀၀၀ မှ ၁၄၀၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။ငရုတ်သီးခြောက်မှာ စျေးတက်နေသော်လည်း ပြီးခဲ့တဲ့ နှစ်များနှင့်ယှဉ်ပါက အရောင်းဝယ်ကျဆင်းကာ စျေးနှုန်းကျဆင်းနေကြောင်း ကုန်သည်များမှဆိုသည်။ ယခင်က နှစ်များက ငရုတ်သီး ခြောက် တစ်ပိဿာလျှင် နှစ်သောင်းကျော်ထိ ရရှိခဲ့ကြောင်း သိရသည်။ 

         ပြီးခဲ့သည့်နှစ်များက သွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် စက်ပစ္စည်းများက စျေးကြီးနေခြင်းကြောင့် ပုံမှန်စိုက်ပျိုးနေသည့် ငရုတ်သီးစိုက် တောင်သူများအနေဖြင့် အရင်းအနှီးများ၍ မစိုက်ခဲ့ကာ  စျေးကွက်တွင်အဝင်နည်းပြီး  ပြည်တွင်း၌ ငရုတ်သီးခြောက်စျေး အမြင့်ဈေးတွင် ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ငရုတ်သီးကုန်သည်များ ထံမှသိရသည်။ သို့သော်ယခုနှစ်တွင် သွင်းအားစုများ အနည်းငယ်စျေးကျဆင်းသွားပြီး ငရုတ်စိုက်ချိန် ရာသီဥတုကောင်းခဲ့ခြင်းကြောင့် အထွက်နှုန်းအနည်းငယ်ကောင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ဖြင့် ယှဉ်ပါက အနည်းငယ်သာ စျေးကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။ 

          “ငရုတ်သီးက အခြေခံစားသောက်ကုန်ထဲမှာပါတော့ မဖြစ်မနေ ဝယ်ရတဲ့သူတွေရှိ  ကြတာပေါ့။  ငရုတ်သီးခြောက်စျေးက တက်နေတယ်။ ဒီနှစ်က တောင်သူကော ရောင်းတဲ့သူကော အဆင်ပြေတယ်လို့ ကြားရတယ်။ စိုက်ပျိုးတဲ့သူလဲ နည်းခဲ့တာဆိုတော့ စျေးကအမြင့်စျေး မှာပါ" ဟု နေပြည်တော် နယ်ဝေးမြို့နယ်မှ ငရုတ်သီးကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ ပြည်ပသို့တင်ပို့ရန် လာရောက်ဝယ်ယူသည့် ဝယ်လိုအားမှာ လျော့ကျနေကြောင်း ပြည်ပတင်ပို့နေသည့်သူများကို ရောင်းချနေသည့် တောင်သူများထံမှ သိရသည်။ ပြည်ပ တင်ပို့ရာတွင်  ဒေါ်လာ လဲလှယ်မူ အပါအဝင် တခြားမူဝါဒ အကန့်အသတ်များရှိနေခြင်း တင်ပို့ရန် အခက်ခဲရှိနေသလို ပြည်တွင်း၌လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ငရုတ်တင်ပို့မူ မှာလည်း ၅၀ ရာခိုင်းနှုန်းအထိ ကျဆင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။ 

       “အခုတော့ ပြည်ပက စျေးအများကြီးမလိုက်ဘူး။ ပထမ မိုးထောင်သီးတုန်းက လှိုင်သွားတယ်။ နောက်ပိုင်းနည်းနည်းကျသွားတယ်။ ပြည်တွင်း ငရုတ်သီးက ပြည်တွင်းစားသုံးသူနဲ့ ကွက်တိကျတယ်။ ပြည်တွင်းမှာပဲ စျေးရတယ်။ ပြည်ပက ပြည်တွင်းလောက်တောင် မပေးနိုင်တာတွေရှိတယ်။ အဲ့တော့ တော်ယုံတန်ယုံ မတင်ပို့နိုင်ကြဘူး” ဟု ငရုတ်သီးပြည်ပတင်ပို့နေသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယမ်နမ်၊ လာအို၊ မလေးရှားစသည်နိုင်ငံများသို့ တင်ပို့နေကြောင်း သိရသည်။

Source:  https://t.me/htwettoe

Category: Local News