Local News

ဝါးခယ်မြို့နယ်တွင် ရွှေဟင်္သာသရက်သီးအလုံး ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်း ရရှိနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ‌မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ရွှေဟင်္သာသရက်သီးအလုံး ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိဈေးကောင်းရရှိနေကြောင်း ဝါးခယ်မမြို့နယ် သရက်သီး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြ၍ သိရသည်။

     ဝါးခယ်မမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လက ဒေသထွက် ရွှေဟင်္သာသရက်သီးအလုံး ၁၀၀ လျှင် ငွေကျပ် ၃၅၀၀၀ ထိသာဈေးရရှိခဲ့ပြီး ယခုနှစ် ဇူလိုင် ၁ ရက်မှ ယနေ့(ဇူလိုင်-၁၃)ရက်အထိ ရွှေဟင်္သာသရက်သီး အလုံး ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိဈေးကောင်းရရှိနေကြောင်း၊ အဆိုပါ သရက်သီး ဈေးကောင်းရရှိလာခြင်းသည် ဒေသသရက်သီးအထွက်နည်းလာပြီး ဝယ်ယူမှုများ လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

     “အခု ဇူလိုင်လထဲမှာ သရက်သီးတွေ ဝယ်ယူမှုများပြီးဈေးကောင်းနေတာဖြစ်ပါတယ်။ လက်ရှိသရက်သီးအလုံး ၁၀၀ ကို ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်းရရှိနေပါတယ်။ ရွှေဟင်္သာ သရက်သီးက ပြည်တွင်းနဲ့ ပြည်ပဈေးကွက်ရှိပါတယ်။ သရက်သီးတွေ ဈေးကောင်းပြီး ဝယ်ယူမှု ကောင်းလာတဲ့အတွက် စိုက်ပျိုးသူတွေအပြင် ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ၊ လုပ်သားတွေ အဆင်ပြေလာတာကို တွေ့ရပါတယ်။ အခုဒေသမှာတော့ ပြီးခဲ့တဲ့ ဇွန်လကထက် သရက်သီးတွေ နည်းနည်းရှားလာပါတယ်”ဟု ဝါးခယ်မမြို့နယ် သရက်သီးရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြသည်။

     ဝါးခယ်မမြို့နယ်တွင် သရက်စိုက်တောင်သူများသည် ရွှေဟင်္သာသရက်သီးအပြင် ရင်ကွဲ၊ မချစ်စု၊ ပါးနီစသည့် သရက်သီးအမျိုးအစားများကိုလည်း စိုက်ပျိုးကြကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ရွှေဟင်္သာသရက်သီးများကို ဝါးခယ်မ ဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် ပြင်ပဈေးကွက်များကို တင်ပို့ရောင်းချလျက်ရှိ ကြောင်း ဝါးခယ်မမြို့နယ် သရက်သီး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News