Local News

နှီးဖျာနှင့် ရိုင်လိပ်လုပ်ငန်းကို တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကာ ဒေသခံများ စီးပွားရေး အဆင်ပြေလျက်ရှိ

Last Updated:

     မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ငါးလိုင်တွင်းကျေးရွာမှ ဒေသခံများသည် မိရိုးဖလာလုပ်ငန်းဖြစ်သည့် နှီးဖျာနှင့်  ရိုင်လိပ်လုပ်ငန်းတို့ကို တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ငါးလိုင်တွင်းကျေးရွာမှ ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ “ကျွန်တော်တို့တစ်ရွာလုံး နှီးဖျာနဲ့ ရိုင်လိပ်လုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ခဲ့ ကြတာပါ။ တစ်ရက်ကို နှီးဖျာအကြီး၊ အသေးပေါ်မူတည်ပြီး လေးချပ်လောက် တော့ပြီးတယ်။ ရိုင်လိပ်ကတော့ တစ်ရက်ကို နှစ်လိပ်၊ သုံးလိပ်လောက်ပြီးတယ်။ အဓိက ရက်လုပ်ကြတာက အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားတွေကတော့ ဝါးခုတ်ကြပါတယ်” ဟု ငါးလိုင်တွင်းကျေးရွာမှ နှီးဖျာ လုပ်ငန်းလုပ်ကိုင်သူ ဦးတင်ငွေကပြောသည်။

     ငါးလိုင်တွင်းကျေးရွာမှထွက်ရှိသည့် နှီးဖျာနှင့် ရိုင်လိပ်များကို စလင်းမြို့သို့ တင်ပို့ရောင်းချပြီး နှီးဖျာအကြီးတစ်ချပ်လျှင် ငွေကျပ် ၉၀၀၀၊ နှီးဖျာအသေးတစ်ချပ်လျှင် ငွေကျပ်  ၅၀၀၀၊  ရိုင်လိပ်တစ်လိပ်လျှင် ငွေကျပ် ၄၅၀၀၊ နှီးထုံး ၁၀ ထုံးတစ်စည်းလျှင် ငွေကျပ် ၂၅၀၀ ဖြင့်ရောင်းချရကြောင်း သိရသည်။ အဆိုပါကျေးရွာရှိ ဒေသခံများသည် စပါး၊ နှမ်း၊ ကုလားပဲ၊ နေကြာစသည့်သီးနှံများကို စိုက်ပျိုးကြပြီး တစ်ဖက်တစ်လမ်းမှ  မိသားစုဝင်ငွေ ရရှိစေရန် နှီးဖျာနှင့် ရိုင်လိပ် လုပ်ငန်းကိုတွဲဖက်လုပ်ကိုင်ကြကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News