ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ အသက် ၄၉ နှစ်အရွယ် လယ်သမား ဦးညိုက ၎င်း၏လယ် ၈ ဧကလုံးတွင် မိုးစပါးကို မျိုးစေ့ကြဲ စိုက်ပျိုးခြင်းထက် ကုန်ကျစရိတ် ပိုမိုများပြားသော ပျိုးထောင်စိုက်ပျိုးနည်းဖြင့်စိုက်ပျိုးရန် စီစဉ်ထားကြောင်း သိရသည်။ “စပါးဈေးကျရင် အထွက်နှုန်းတိုးတာတောင်မှ အမြတ်အစွန်းကို အာမခံချက်မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်စိုက်ပျိုးတဲ့ လယ်သမားတွေအနေနဲ့ အရင်နှစ်တွေကတော့ ပျိုးထောင်စိုက်ပျိုးနည်းကိုရှောင်ပြီး မျိုးစေ့ကြဲ
စိုက်ပျိုးနည်းကိုပဲသုံးခဲ့တယ်” ဟု ဦးညိုကပြောသည်။
၂၀၂၂ ခုနှစ် စပါးရိတ်သိမ်းသည့်အချိန်တွင် စပါးဈေးကောင်းပြီး အမြတ်ငွေ တိုးလာခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပျိုးထောင်စိုက်ပျိုးနည်းဖြင့် စပါးစိုက်ပျိုးရန် စတင်ပြင်ဆင်လာကြသည်။ စပါးဈေးမှာ တစ်တင်း ၄၆ ပေါင်ကိုက် တင်း ၁၀၀ လျှင် ပျမ်းမျှအားဖြင့် ကျပ် ၁၆ သိန်းဝန်းကျင်ရှိပြီး ယခင်နှစ်ကာလတူက စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်းဝန်းကျင်သာရှိခဲ့သည့်အတွက် လက်ရှိစပါးဈေးမှာ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။ ယခုနှစ် စပါးစိုက်ရာသီတွင် ဓာတ်မြေဩဇာဈေးနှုန်းများ ကျဆင်းခြင်းကြောင့် တောင်သူလယ်သမားများ အနေဖြင့်လည်း ကုန်ကျစရိတ် သက်သာရာရမည်ဟု မျှော်လင့်ထားကြသည်။
လယ်ယာသုံး စက်ယန္တရားများတွင် အသုံးပြုသော ဒီဇယ်ဆီဈေးမှာ ယခင်နှစ်ကထက် တစ်ဂါလန်လျှင် ၁၂,၀၀၀ ကျပ် ရှိရာမှ ၈,၀၀၀ ကျပ် အထိ ကျဆင်းခဲ့ပြီး ဓာတ်မြေသြဇာ တစ်အိတ်လျှင် ယမန်နှစ်က ကျပ် ၁၀၀,၀၀၀ ကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၈၀,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။ ပျိုးထောင်စိုက်ပျိုးခြင်း နည်းလမ်းသည် ရေကြီးရေလျှံမှုအတွင်း သီးနှံပျက်စီးမှု နည်းပါးစေပြီး အထွက်နှုန်း မြင့်မားစေကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်သည် ဝါထပ်နှစ်ဖြစ်သည့်အတွက် ဒီရေကြီးမှု ပိုများလာနိုင်သည်ဟု လယ်သမားများက ယုံကြည်ကြသည်။
သို့သော်လည်း ပျိုးထောင်စိုက်ပျိုးခြင်းသည် စပါးပင်ပျိုးခြင်းနှင့် လယ်ကွင်း၌စိုက်ပျိုးခြင်းအတွက် လုပ်သားအင်အားလိုအပ်သဖြင့် တစ်ပိုင်တစ်နိုင် တောင်သူများအတွက်မူငွေကြေးအရင်းအနှီး နည်းပါး၍ လုပ်သားရှားပါးမှုက စိန်ခေါ်မှုဖြစ်ကြောင်း သိရသည်။ ဘိုကလေးမြို့နယ်တွင် လယ်ဧက ၂၀ ကျော်ကို စိုက်ပျိုးနေသည့် အသက် ၄၇ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သူ ဦးတင့်လွင်ကမူ လုပ်သားလုံလောက်မှု မရှိသောကြောင့် ယခုရာသီတွင် ပျိုးထောင် စိုက်ပျိုးခြင်း မပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားသည်။
လာမည့်နှစ်များတွင် အလုပ်သမားရရှိမှုအပေါ် အခြေခံ၍ ပျိုးထောင်စိုက်ပျိုးနည်းဖြင့် စပါးစိုက်မစိုက်ကိုလည်း ချိန်ဆနေရဆဲဖြစ်ကြောင်း ဦးတင့်လွင်၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသည့်အခါ ရေကြီးရေလျှံခြင်း၊ ဆားရေဝင်ရောက်ခြင်းတို့ကဲ့သို့ ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များကြောင့် လွန်စွာ ထိခိုက်နိုင်ခြေရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လယ်သမားများသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခြင်းခံခဲ့ရသည့်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မုတ်သုံရာသီအတွက် စပါးစိုက်ပျိုးရန် ရုန်းကန်နေကြရကြောင်း သိရသည်။
ရေဘေးသင့်ဒေသများရှိ တောင်သူများအား ထောက်ပံ့ကူညီရန် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ထွန်စက် ၈၀ စီးကို ရခိုင်ပြည်နယ်သို့ ပေးပို့ခဲ့ပြီး တောင်သူများအား အနိမ့်ဆုံးဈေးဖြင့် စပါးမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်တိုးလာစေရန် တောင်သူများအား နည်းပညာအကူအညီပေးအပ်ခြင်း၊ ထွန်ယက်ပေးခြင်းနှင့် ဆည်ရေသွယ်ပေးခြင်းများ ပံ့ပိုးပေးလျက်ရှိကြောင်း ဦးမျိုးတင့်ထွန်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ စပါးစိုက်ဧက ၁၄ .၉၈ သန်း စိုက်ပျိုးရန် ရည်မှန်းထားပြီး ဧက ၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ သည် မြန်မာနိုင်ငံတွင် ဆန်စပါး အဓိက စိုက်ပျိုးသည့် ဒေသများဖြစ်ကြသည်။မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၁၀ သန်းမှ ၁၁ သန်းခန့်ရှိကာ ပိုလျှံသည့် ဆန်တန်ချိန် ၂ သန်းမှ ၂.၅ သန်းခန့်ကို အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ယင်းသို့တင်ပို့ခြင်းမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ရရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။
Source: https://xinhuamyanmar.com