Local News

ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ငါးသောင်းခန့် တင်ပို့ထား

Last Updated:

      ရော်ဘာခြံပိတ်ရာသီအတွင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့်အတူ ပြည်တွင်းရော်ဘာ ဈေးနှုန်းများပါကျဆင်းနေပြီး  ယခုဘဏ္ဍာနှစ်  သုံးလတာကာလအတွင်း  ပြည်ပသို့ ရော်ဘာတန်ချိန်  ငါးသောင်းခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောပြချက်အရ သိရသည်။ ထိုသို့ဈေးနှုန်းကျဆင်းရာတွင် ဇွန်လက ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ရှိရာမှ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၆၅၀ ဝန်းကျင်အထိ ကျဆင်းလာပြီး ပြည်တွင်းရော်ဘာ ဈေးနှုန်းများမှာ တစ်ပေါင်လျှင် ငွေကျပ် ၁၄၀၀ ဝန်းကျင်မှ ၁၂၀၀ ဝန်းကျင်သို့ ကျဆင်းလာကြောင်း သိရသည်။

     “ဒီဘဏ္ဍာနှစ် သုံးလတာမှာ ပြည်ပကို ရော်ဘာတန်ချိန် ငါးသောင်းလောက် တင်ပို့ပြီးပါပြီ။ အခုထပ်ပြီးတင်ပို့ဖို့ ရော်ဘာတန်ချိန်တစ်သောင်းလောက်ရှိမှာပါ။ကမ္ဘာ့ရော်ဘာဈေးနှုန်းက  ကျဆင်းနေတော့ ပြည်တွင်း ရော်ဘာဈေးနှုန်းလည်း  ကျဆင်းနေတယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်း၌ ရော်ဘာအစေးခြစ် လုပ်ငန်းများကို မိုးရာသီအစပိုင်းတွင် ယာယီရပ်နားလေ့ရှိပြီး မိုးရာသီ ကုန်ဆုံးချိန်၌ ပြန်လည်လုပ်ကိုင်ကြောင်း သိရသည်။

  “လက်ရှိက ခြံပိတ်ရာသီဖြစ်တဲ့အတွက် ရော်ဘာခြံတွေမှာ မြေသြဇာကျွေးတာ၊ ခြံပြုပြင်တာတွေ ပြုလုပ်နေပါတယ်”ဟု ဦးခိုင်မြင့်ကပြောသည်။ ရော်ဘာကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌လည်း စိုက်ပျိုးလျက်ရှိကာ တစ်နိုင်ငံလုံး၌ ရော်ဘာစိုက်ဧက   တစ်သန်းခြောက်သိန်းကျော် ရှိကြောင်း သိရသည်။                         

Source: https://www.myawady.net.mm

Category: Local News