Local News

ယခုဘဏ္ဍာနှစ် ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ ပျားရည် မက်ထရစ်တန် ၈၀ ကျော် တင်ပို့ထားပြီးအမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်းရရှိ

Last Updated:

      ယခုဘဏ္ဍာနှစ်  ဇွန်လအတွင်း  ဂျပန်နိုင်ငံသို့ ပြည်တွင်းမှ ပျားရည်မက်ထရစ်တန် ၈၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုည  ဒသမ  ၁၂၁  သန်း  ရရှိခဲ့ကြောင်း  မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ “ပြည်ပကို ပျားရည်တင်ပို့မှုအနေနဲ့  ဇွန်လမှာ ဂျပန်နိုင်ငံကို ပျားရည်မက်ထရစ် တန် ၈၀  ကျော်တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၁ သန်းရရှိခဲ့ပါ တယ်။ လက်ရှိ ပြည်တွင်းမှာ နှမ်းပျားရည်တော့ ထွက်နေပြီ။ ဒါပေမဲ့ ဝယ်ယူစုဆောင်းဆဲပဲရှိပါသေးတယ်။  ပြည်ပကိုတင်ပို့လို့တော့ မရသေးပါဘူး” ဟု ၎င်းကပြောသည်။

     ပြည်တွင်းမှထွက်ရှိသော  ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊  အမေရိကန်၊  တရုတ်  (တိုင်ပေ)၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့လေ့ရှိပြီး ဇွန်လတွင် ဂျပန်နိုင်ငံသို့သာ တင်ပို့ခဲ့ကြောင်း၊ ထိုသို့တင်ပို့ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပုံမှန်တင်ပို့မှုအနေဖြင့် ပျားရည်မက်ထရစ် တန် ၈၀ ဒသမ ၄ တန် တင်ပို့ခဲ့ပြီး အမေ ရိကန်ဒေါ်လာ  သုည  ဒသမ  ၁၂၁  သန်း ရရှိခဲ့ကြောင်း သိရသည်။ ပြည်တွင်း၌ နှမ်းပျားရည်၊  ဆီးပျားရည်၊  ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာ ပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ် ပြီး ယခုလတွင် နှမ်းပျားရည်စတင်ထွက်ရှိနေပြီဖြစ်သော်လည်း စုဆောင်းဆဲကာလ ဖြစ်ကြောင်း၊  ပြည်တွင်း၌   ပျားရည်ကို ဆေးဝါးအဖြစ် အသုံးပြုမှုများကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News