Local News

ပြည်တွင်းဂျုံစျေးနူန်း ဆက်တိုက်မြင့်တက်လာပြီးနောက် အရောင်းအဝယ်အေးနေ

Last Updated:

ပြည်တွင်းဂျုံစျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အမြင့်စျေးတန်းတွင်ရှိနေသော်လည်း ဂျုံစျေးကွက်အရောင်းအဝယ်အေးနေကြောင်း မန္တလေးဈေးကွက်မှ သိရသည်။ ဂျုံစက်ရုံများအနေ  ဖြင့် လိုအပ်သည့် ဂျုံပစ္စည်းသိုလှောင်မှုရှိနေသည့်အတွက် အရည်အသွေးကောင်းသည့် ပစ္စည်းကိုသာ ဝယ်ယူမှုရှိနေသောကြောင့် စျေးကွက်တွင် ဂျုံများဝင်ရောက်နေပေမယ့် ဝယ်လိုအားနည်းနေဟုသိရသည်။ 

"ပြောရရင်စျေးကတော့အမြင့်တန်းမှာပဲရှိတယ်ဆိုပေမယ့် အရောင်းအဝယ်အေးနေတယ်။ ဒေါ်လာစျေး၊ ရွှေစျေးကျတာကြောင့်လည်းပါမလား မပြောတတ်ဘူး။  Demand ကနည်းနေတယ်၊ ပစ္စည်းကောင်းအရည်အသွေးကောင်းတာကိုပဲ ရွေးဝယ်တဲ့အနေအထားရှိတယ်။ ဥပမာပြောရရင် ဂျုံမှာဆို မုန့်လုပ်တဲ့သူတွေ မုန့်အကောင်းလုပ်တဲ့သူတွေက ရှမ်းဂျုံကိုသုံးလို့မရဘူး။ ဗမာဂျုံကလည်း ခေါက်ဆွဲလုပ်ရင်သုံးမရဘူး၊ အဲ့လိုပဲ ကိုယ်လုပ်ငန်းနဲ့ပြေတာကို ပဲဝယ်ပြီး အသုံးပြုရတယ်" ဟု မန္တလေး ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးမှပြောသည်။ 

လက်ရှိ မန္တလေးစျေးကွက်ရှိ ဂျုံစျေးနူန်းမှာ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)၊ ဂျုံ(မုံရွာ/ ဘုတလင်တို့က ပိဿာ ၆၀ ကို   215000မှ 220000 ကျပ်စျေးပေါက်ပြီး ဂျုံ ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) နဲ့ ဂျုံ  (မြင်းမူ/ မြောင်) ကတော့ ပိဿာ 60 ကို 210000 မှ 220000 ကျပ်ရှိကာ ကလေးမြို့မှထွက်သည့် ဂျုံကတော့ ပိဿာ 60 ကို   170000 မှ 190000 ကျပ်အထိ ရှိကြောင်းသိရသည်။ 

ရှမ်းပြည်မှထွက်ရှိသည့် ဂျုံ  (ရှမ်း) နဲ့ ဂျုံ  (အထွက်တိုး)က ပိဿာ 60 ကို 185000 မှ 195000 ကျပ်စျေးရှိပြီး ဂျုံ - ပန်ဆိုင်း(ကြူကုတ်) က  170000 ကျပ်မှ 180000 ကျပ် အထိရှိကြောင်းသိရသည်။ ဂျုံစျေးကွက်တွင် ဂျုံအိတ်ရေပေါင်း ထောင်နဲ့ချီဝင်ရောက်မှုရှိနေဟုသိရသည်။ 

"ထုတ်ပြန်တဲ့ စျေးဆိုတာ အနီးစပ်ဆုံးကို တွက်ပြီးကြေငြာပေးတာပေါ့။ အပြင်မှာ အဲ့ထက်ပိုပြီး စျေးကအရောင်းအဝယ်ပိုတာလည်းရှိတယ်။ ဂျုံစျေးက ဆက်တိုက်တက်လာတာ၊ အခုရက်ပိုင်းမှနည်းနည်းအေးသွားတာပါ့။ အရင်ရက်ကတော့ ဂျုံရှိသလောက် အကုန်အဝယ်ရှိတယ်၊ အရင်က အိန္ဒိယနိုင်ငံကဝင်တယ်ဆိုတာလည်း ဂျုံအမှုန့်ပါ၊ အဟောင်းတွေပေါ့။ ခုမဝင်တာကြာပြီ " ဟု မန္တလေးမှ ကုန်သည်တစ်ဦးမှပြောသည်။ 

ပြည်တွင်း ဂျုံစျေးကွက်ထဲကို အရင်က အိန္ဒိယနိုင်ငံဘက်မှ တရားမဝင်လမ်းကြောင်းကနေ ဂျုံမှုန့်များဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိတွင်ဝင်ရောက်မှုမရှိသည်မှာ ၁ လကျော်လောက်ရှိပြီဖြစ်ကြောင်းသိရသည်။ မြန်မာ့ဂျုံသီးနှံကို  ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်အဓိကစိုက်ပြီး ဂျုံစိုက်ဧကပေါင်း  ၁၃၂၅၀၀ ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးသည် ဂျုံအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်းသိရသည်။ 

ပြည်တွင်းမှ ထွက်ရှိသည့် ဂျုံကို ဂျုံစက်ကြီးများမှဝယ်ယူကျိတ်ခွဲပြီး ပြည်တွင်းစားသုံးမှုကအများဆုံးဖြစ်ကြောင်း၊ပြည်ပမှ ဝင်ရောက်လာသည့် ဂျုံမှုန့်များကိုလည်း ပြည်တွင်း၌အသုံးပြုမှုရှိကြောင်းသိရသည်။ 

Source: Awba

Category: Local News