Local News

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြား

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ကာ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက် တည်ငြိမ်ရေးကိစ္စများကိုလည်းကောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကိုပြည်တွင်းစားသုံးရန်၊ ထုတ်လုပ်မှုမထိခိုက်စေဘဲ ပြည်ပသို့ တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပဲမျိုးစုံ ပြည်တွင်းဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်ကိစ္စရပ်များကို အခြေခံကာ ဈေးကစားဆောင်ရွက်မှုများ မရှိစေရေးနှင့် ပဲမျိုးစုံနှင့် နှမ်းများကို ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းအား အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်းတားဆီးဆောင်ရွက်ရေးကိစ္စရပ်များကို လည်းကောင်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်းကောင်း အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News