Local News

ငပုတောမြို့နယ်တွင် နေလှန်းဆားများ အရောင်းအဝယ်ကောင်းလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် ဒေသထွက် နေလှန်းဆားများ အရောင်းအဝယ်ကောင်းလာကြောင်း ငပုတောမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အိအိအေးက ပြောပြ၍ သိရသည်။ ငပုတောမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများထွက်ရှိလျက်ရှိပြီး အောက်တိုဘာလ ပထမပတ်မှစတင်ပြီး နေလှန်းဆားများအရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆားသည် တစ်ရက်လျှင် ပိဿာချိန် ၆၀၀ မှ ၁၃၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“နေလှန်းဆားဈေးက အရင်ထက် တော်တော်လေးအရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်း ငါးပိတွေ၊ ငါးခြောက်တွေ၊ ငံပြာရည်တွေ လုပ်ကိုင်တဲ့ရာသီဖြစ်လို့ အခုလိုဒေသထွက် နေလှန်းဆားက အရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိအချိန်က ဒေသမှာ ဆားသစ်တွေ စတင်ပေါ်နေချိန်ဖြစ်ပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက်ဆားတွေကို ဆားဝယ်လက်တွေဆီ ရောင်းချနေရတဲ့အပြင် ရန်ကုန်ဘက်ကိုလဲ တင်ပို့ရောင်းချနေပါတယ်” ဟု ငပုတောမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အိအိအေးက ပြောပြသည်။

ငပုတောမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး ရန်ကုန်မြို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ‌ဒေသတွင် နေလှန်းဆားများကို ဒေသခံတစ်ဦးလျှင် ၁ ဧကမှ ၁၀ ဧကထိ လုပ်ကိုင်လျက်ရှိကြောင်း၊ ‌ဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News