Local News

စီးပွားရေးတိုးတက်ကောင်းမွန်သည့် ရော်ဘာကဏ္ဍ

Last Updated:

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ ၄၀% ဖြစ်ကာ ထွက်ရှိမှုမှာ တစ်နိုင်ငံလုံးထွက်ရှိမှု၏ ၈၀% ရှိကြောင်း၊ ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် ၃ ရပ်နှင့်အညီ နိုင်ငံတော်အတွက် စက်မှုကုန်ကြမ်းများတိုးတက်ရရှိခြင်း၊ MSMEs စီးပွားရေးလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းရရှိစေသည့်အတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ရော်ဘာစိုက်ပျိုးသူများမှာ မြန်မာ့နှစ်ရှည်အပင်လုပ်ငန်းမှ ထောက်ခံသော မျိုးများကို စိုက်ပျိုးလျက်ရှိပြီး မျိုးသစ်များဖြစ်သော RRIM 2000 Series (Cones) များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ သုတေသနတွေ့ရှိချက်များအရ ၎င်းစိုက်ခင်းများမှ လက်တွေ့သိရှိရသော ထွက်ရှိမှု၊ ကြီးထွားမှု၊ ရောဂါပိုးမွှားကျရောက်မှုဒဏ်ခံနိုင်မှုစသည့် အချက်အလက်များနှင့် မွန်ပြည်နယ်၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုးစိတ်များကိုသာ စိုက်ပျိုးကြကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေသောရော်ဘာအမျိုးအစားများမှာ RSS (Ribbed smoke sheets) နှင့် TSR(Technically Specified Rubber) များဖြစ်ပြီး မှိုင်းခံရော်ဘာ အတန်းအစား ၅ မျိုးဖြစ်သောRSS 1, RSS 2, RSS 3, RSS 4, RSS 5 ဟူ၍ ခွဲခြားသတ်မှတ်ထားကြောင်း၊ မွန်ပြည်နယ်ရှိ ရော်ဘာခြံအများစုမှာ မှိုင်းခံရုံမရှိ၍ ရော်ဘာကိုနေလှန်း၍ အစိမ်းပြားအနေဖြင့်သာ ရောင်းချမှုအများအပြားရှိပြီး မှိုင်းခံရုံရှိသော ရော်ဘာခြံအနည်းငယ်သာလျှင် ရော်ဘာကိုမှိုင်းခံ၍ မှိုင်းခံရော်ဘာအဖြစ် ရောင်းချကြကြောင်း၊ ပြည်နယ်အတွင်း ရော်ဘာသုံးစွဲမှုအနေဖြင့် တာယာစက်ရုံ၊ ခရမ့်ရော်ဘာ စက်ရုံ၊ သရေကွင်း၊ပူဖောင်း၊ ဘောလုံး၊ ဖိနပ်စသည့်လုပ်ငန်းများမှ ရော်ဘာတန်ချိန် ၁၂,၀၀၀ ခန့် သုံးစွဲလျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသောရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်၊ ကုမ္ပဏီများတွင် စုစည်း၍ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

Source: DOCA (မွန်)

Source: https://commerce.gov.mm

Category: Local News