Local News

ပခုက္ကူမြို့၏သနပ်ခါးဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များတွင် နှစ်ရှည်ခံ အပင်ဖြစ်သော သနပ်ခါးကို အဓိကထားစိုက်ပျိုးကြပြီး အဆိုပါမြို့နယ်များမှ ထွက်ရှိသော သနပ်ခါးပင်များကို ပခုက္ကူမြို့ရှိ သနပ်ခါးပွဲရုံများသို့ တင်ပို့ရောင်းချပြီး အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း၊ သနပ်ခါးလိမ်း၍ ကျန်ရှိသော သနပ်ခါးတုန်းအနှစ်များကို သနပ်ခါးအခဲ ပြုလုပ်၍ ရောင်းချနေရသည့်အတွက် သနပ်ခါးမှာတစ်ပင်လုံးအသုံးဝင်ကြောင်း သနပ်ခါးကုန်သည်ထံမှ သိရသည်။

သနပ်ခါးဈေးနှုန်းအနေဖြင့်သနပ်ခါးပင် အပုံပြတ်သော်လည်းကောင်း၊ အတုံးသေးများဖြတ်၍ သော်လည်းကောင်း ရောင်းချကြကြောင်း၊ အပုံပြတ်ရောင်းဈေးမှာ သနပ်ခါးပင် အနည်းအများ၊ သနပ်ခါးအရည်အသွေး အပေါ်မူတည်၍ အပင်ရေ ၅၀ မှ ၁၀၀ ပါရှိသော သနပ်ခါးပင် တစ်ပုံလျှင် ကျပ် ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရရှိပြီး သနပ်ခါးပင် တစ်ပင်လျှင် ကျပ် ၅,၀၀၀-၁၀၀၀၀ ဖြင့်လည်းကောင်း၊ သနပ်ခါးတုံး တစ်တုံးလျှင် ကျပ် ၅၀၀-၄,၀၀၀ ဖြင့်လည်းကောင်း သနပ်ခါးအပင်၊ သနပ်ခါးတုံးများ၏ အရွယ်အစားနှင့် အရည်အသွေးအပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားလျက်ရှိကြောင်း၊ သနပ်ခါးဈေးကွက်အနေဖြင့် ပခုက္ကူသနပ်ခါးပွဲရုံနှင့် မြို့မဈေး အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဝိုင်းအတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးများသို့လည်း တင်ပို့ရောင်းချရကြောင်း သနပ်ခါးကုန်သည်ထံမှသိရှိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News