Local News

ဆီးသီး၊ ဆီးဆံ ဈေးကွက်ဈေးနှုန်း

Last Updated:

      မကွေးတိုင်းဒေသကြီးအတွင်း ဆီးသီးများ ဈေးကွက်ကောင်းသလို ဈေးနှုန်းလည်းကောင်း စွာရရှိနေကြောင်း သိရှိရပါသည်။ အညာဒေသတွင် ဆီးပင်သည် အလေ့ကျပေါက်လေ့ရှိပြီး ဧကအလိုက်စိုက်ပျိုးခြင်း နည်းပါးပါသည်။ (၁) ဧကရှိ အပင်အရေအတွက်ကို ရေတွက်ပြီး ဧကစုဖွဲ့ထား ခြင်းသာဖြစ်ပါသည်။ ဆီးသီးများကို ဆီးခွဲစက်လုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်းရှင်များ၊ ဆီးယို လုပ်ငန်းရှင်များမှ ဝယ်ယူအသုံးပြုမှု များပါသည်။

          အညာ​ဒေသတွင် ဆီးသီးကုန်ကြမ်းပေါများသဖြင့် ကုန်ချောများများ ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေရရှိနိုင်မည်ဖြစ်ပြီး ဆီးသီးကို စားသောက်ကုန်အပြင် အလှကုန်နှင့် ဆေးဝါးများပါ ထုတ်လုပ်လာသည်ကို တွေ့ရှိရပါသည်။ ဆီးသီးမှထွက်ရှိသည့် ဆီးဆံသည် ဆေးဖက်ဝင်၍ အခြားနိုင်ငံများမှ ဝယ်ယူနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရှိရပါသည်။ ဆီးသီးသည်အကုန် အသုံးဝင်ရာ ဆီးသီးအနှစ်ကို ယိုစုံလုပ်ငန်းများမှ အဝယ်ရှိပြီး ဆီးဆံကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဝယ်ရှိကာ ဆီးခွဲခြမ်းကိုတော့ ပဲကြော်လုပ်ငန်းရှင်၊ နှမ်းလှော်လုပ်ငန်းရှင်များ၊ နို့ဆီချက်လုပ်သည့် လုပ်ငန်းရှင်များအစရှိသည့် လုပ်ငန်းရှင်များမှ လောင်စာအနေဖြင့် အသုံးပြုရန်အတွက် အဝယ်ရှိနေကြောင်း သိရပါသည်။

          ယခုနှစ် ဈေးနှုန်းအနေဖြင့် ဆီးသီးခြောက် (၁)တင်းလျှင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်၊ ဆီးဆံဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ ဈေးရရှိနေကြောင်း သိရပြီး ယခင်နှစ် ဈေးနှုန်းအနေဖြင့် ဆီးသီးခြောက် (၁) တင်းလျှင် ၆၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်၊ ဆီးဆံဈေးနှုန်းအနေဖြင့် (၁) ပိဿာလျှင် ၉၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အထိ ဈေးကောင်းရရှိခဲ့ကြောင်း သိရှိရသည်။ ဆီးသီးတောင်သူများရော၊ ဆီးသီးလုပ်ငန်းရှင်များပါ အဆင်ပြေနေကာ ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဝယ်ရှိနေပြီး ပြည်တွင်းဈေးကွက်အနေဖြင့် ယိုစုံလုပ်ငန်းရှင်များနှင့် ဖျော်ရည်လုပ်ငန်းရှင်များမှ အဝယ်ရှိနေတဲ့အတွက် ဈေးကောင်းရရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

 

                                                                                                                                                                                                                               ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News