Local News

ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေးမြင့်နေ

Last Updated:

ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေးမြင့်နေကြောင်း နှမ်းကုန်သည်နှင့် တောင်သူများထံမှ သိရသည်။ နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆောင်းနှမ်းလက်ကျန်နည်းခြင်း၊ နွေနှမ်းမဝင်သေးခြင်းနှင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် စျေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။ ထို့အပြင် နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့်စျေးနှုန်း အတက်စျေးဖြင့် ငြိမ်နေကြောင်း သိရသည်။

“အခု ဆောင်းနှမ်းက လက်ကျန်နည်းသလောက်ဖြစ်နေပြီး နွေနှမ်းကလည်း စျေးကွက်ထဲ လုံးဝမရောက်သေးဘူး။ တချို့နယ်တွေ မိုးစောင့်နေကြတယ်၊ တချို့နယ်တွေကျ မိုးအပြင် လေပါ ပါသွားတဲ့အတွက် နှမ်းပင်တွေလဲသွားကြတဲ့ အခြေအနေနဲ့ ကြုံနေရတယ်။ ပုံမှန်ရေ ပေးဝေမူနဲ့ ရာသီဥတုအခြေအနေကောင်းရင်တော့ နွေးနှမ်း အထွက်တိုးမယ်။ ရိပ်သိမ်းခါနီး မိုးရွာချရင်တော့ နှမ်းထဲ ရေဝင်ပြီး အရည်အသွေးကျနိုင်တယ်။ လက်ကျန်နည်းသွားလို့ စျေးက အတက်စျေးမှာရှိနေတယ်” ဟု အောင်လံမြို့ မှ နှမ်းစိုက် တောင်သူတစ်ဦးက ပြောသည်။ 

အချို့ ဆီစက်ရုံ ၊ ကုန်သည်များနှင့် လှောင်ရန်ဝယ်ယူကြသူများအနေဖြင့် လက်ကျန် နှမ်းများကို စျေးကောင်းပေး လိုက်လံဝယ်ယူနေကြကြောင်းလည်း သိရသည်။ အောင်လံကုန်စည်ဒိုင် မတ်လ ၁၄ ရက်နေ့ဈေးကွက် ပေါက်ဈေးအရ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၅၀၀၀၀ ကနေ ၃၈၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူမှာ ၃၅၀၀၀၀ကျပ်၊ နှမ်းညို မှာ ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေးတွင် ရှိနေကြောင်းသိရသည်။

မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၇၀၀၀၀ ကနေ ၄၂၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး နှမ်းဖြူ Jp မှာ ၄၂၀၀၀၀ကျပ် အထိအမြင့်စျေးတွင် ရှိကြောင်း သိရသည်။ 

“နှမ်းက တရုတ်အဝယ်ပဲရှိတယ်။ ပြည်ပစျေးကွက်အေးတယ်၊ လက်ကျန်နည်းနေလို့သာ အမြင့်စျေးနဲ့ ငြိမ်နေတာကြာပြီ၊ ရာသီဥတုကောင်းရင်တော့ နှမ်းအရည်အသွေးကောင်းမှာ။ အရည်အသွေးကောင်းမှလည်း ပြင်ပက ဝယ်လိုအား ကောင်းမှာ"ဟု နှမ်းကုန်သည်တစ်ဦး ကပြောသည်။ နှမ်းနက် တစ်တန်လျှင် FOB စျေးအရ 1680 မှ 1730 ဒေါ်လာ ပေါက်စျေးရှိပြီး နှမ်းဖြူ တစ်တန်လျှင် 1640 မှ 1690 ဒေါ်လာ ထိ ရှိပြီး ကာလအစဖြင့် ယှဉ်ပါက အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ နွေနှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုးကြကြောင်း သိရသည်။ 

ယခုနှစ်တွင် ပုံမှန်ရေပေးဝေမှုနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းမွန်နိုင်ကြောင်း သုံးသပ်ကြသည်။ ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တစ်ခုတည်းကသာ အဝယ်အနည်းငယ်ရှိကြောင်း သိရသည်။

Source: AMIA 

Source: https://t.me/htwettoe

Category: Local News