International News

Samsung အား တရုတ် ZTE ကုမ္ပဏီကို မူပိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၃၉၂ သန်း ပေးလျော်ရန် ဗြိတိန်တရားရုံးချုပ်က အမိန့်ချ

Last Updated:

Samsung အနေဖြင့် ZTE ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်း မူပိုင်ခွင့် (Patents) ကို အသုံးပြုခအတွက် ဒေါ်လာ ၃၉၂ သန်း တစ်လုံးတစ်ခဲတည်း ပေးချေရန် ဗြိတိန်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်သည်။ Samsung သည် ZTE အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စမတ်ဖုန်းကွန်ရက် (Network) ချိတ်ဆက်မှု မူပိုင်ခွင့်လိုင်စင်နှင့်စပ်လျဉ်း၍ စည်းကမ်းချက်များသတ်မှတ်ပေးရန် လန်ဒန်တရားရုံး၌ တရားစွဲဆိုခဲ့ပါသည်။ ZTE ကလည်း Samsung အား တရုတ်၊ ဂျာမနီနှင့် ဘရာဇီးနိုင်ငံတို့၌ အပြိုင် တရားစွဲဆိုထားပါသည်။ 

ယခုဆုံးဖြတ်ချက်မှာ ကုမ္ပဏီနှစ်ခုကြား ၂၀၂၁ ခုနှစ်က ချုပ်ဆိုခဲ့သော သဘောတူညီချက်ဟောင်းကို သက်တမ်းတိုးရန် ညှိနှိုင်းမှု မအောင်မြင်ခဲ့သောကြောင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး Samsung ဘက်မှ အများဆုံးပေးလိုသည့် ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ထက် ပိုများနေသလို ZTE ဘက်မှ တောင်းဆိုထားသည့် အမေရိကန်ဒေါ်လာ ၇၃၁ သန်းထက် လျော့နည်းနေကြောင်း သိရှိရပါသည်။ ကုမ္ပဏီနှစ်ခုစလုံးက အဆိုပါစီရင်ချက်ကို အယူခံဝင်ပိုင်ခွင့်ရှိပြီး သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ထားပါသည်။

ယခုကဲ့သို့ မူပိုင်ခွင့်လိုင်စင်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် ဥပဒေကြောင်းအရ အငြင်းပွားမှုများ ဖြစ်ပွားလေ့ရှိပြီး ဗြိတိန်သည် မူပိုင်ခွင့် တရားစီရင်ရေးများနှင့်စပ်လျဉ်း၍ နာမည်ကျော်ကြားသလို တရုတ်တရားရုံးများသည်လည်း မျှတခြင်း၊ ကျိုးကြောင်း ဆီလျော်ခြင်း၊ ခွဲခြားမှုမရှိခြင်း (fair, reasonable, and ​non-discriminatory – FRAND) အတွက် နာမည်ကြီးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

Source:   https://commerce.gov.mm

Category: International News