International News

စတုတ္ထအကြိမ် ချန်ဒူး–ချုံချင့်မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း၊ ပုဂ္ဂလိကစီးပွားရေးအရည်အသွေးမြင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ လဲ့ရှန်းမြို့တွင်ကျင်းပခဲ့

Last Updated:

ချန်ဒူး–ချုံချင့်မြို့နှစ်မြို့၏စတုတ္ထအကြိမ် စီးပွားရေးစက်ဝန်း၊ ပုဂ္ဂလိကစီးပွားရေးအရည်အသွေးမြင့်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ လဲ့ရှန်းမြို့တွင် ကျင်းပခဲ့ကြောင်းကို ၂၂-၇-၂၀၂၆ ရက် Chongqing Daily Selection သတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် စီချွမ်ပြည်နယ်ပါတီကော်မတီ၏ United Front Work Department နှင့် စီချွမ်ပြည်နယ်စက်မှုနှင့်ကုန်သည်များအသင်း(Federation of Industry and Commerce)တို့က ချုံချင့်မြို့ပါတီကော်မတီ၏ United Front Work Department နှင့်ချုံချင့်မြို့စက်မှုနှင့်ကုန်သည်များအသင်းတို့နှင့် ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်ချန်ဒူး–ချုံချင့်မြို့နှစ်မြို့စီးပွားရေးစက်ဝန်း(Chengdu-Chongqing Twin-City Economic Circle)ပုဂ္ဂလိကစီးပွားရေးအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုညီလာခံကို လဲ့ရှန်း(Leshan)မြို့တွင် ကျင်းပခဲ့ပါသည်။

ညီလာခံသို့ စီချွမ်ပြည်နယ်ပါတီကော်မတီအမြဲတမ်းကော်မတီဝင်နှင့် United Front Work Department ဝန်ကြီး ဖူပူဒွန်ကျူး(Pubu Dunzhu)နှင့်ချုံချင့်မြို့ပါတီကော်မတီအမြဲတမ်းကော်မတီဝင် နှင့် United Front Work Department ဝန်ကြီး ရှန်ကွေ့(Shang Kui)တို့တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ရာ ဖူပူဒွန်ကျူး(Pubu Dunzhu)က “ချန်ဒူး–ချုံချင့်မြို့နှစ်မြို့ စီးပွားရေးစက်ဝန်းတည်ဆောက်ရေးသည် သမ္မတရှီကျင့်ဖျင်(Xi Jinping)ကိုယ်တိုင် စီမံကိန်းချမှတ်၊ လမ်းညွှန်မှုနှင့် အားပေးဆောင်ရွက်ခဲ့သည့် နိုင်ငံအဆင့်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာဖြစ်ကြောင်း၊ လွန်ခဲ့ သော ၆ နှစ်အတွင်း စီချွမ်နှင့် ချုံချင့်တို့သည် အတူလက်တွဲဆောင်ရွက်ခဲ့ကြပြီး မြို့နှစ်မြို့စီးပွားရေးစက်ဝန်းတည်ဆောက်ရေးတွင် ထင်ရှားသော အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများသည် ဒေသနှစ်ခုရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များ၏ အရေးပါသော ပံ့ပိုးမှုကြောင့်လည်းဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။

ထိုအပြင် ၎င်းက ဆက်လက်၍ “ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် အဓိကစက်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းအစုအဖွဲ့များ(Industrial Clusters)ကို ပူးတွဲတည်ဆောက်ရန်တိုက်တွန်းခဲ့ကြောင်း၊ စီချွမ်ပြည်နယ်အနေဖြင့် စီးပွားရေးလုပ်ငန်းများကို လေးစားခြင်း၊ တန်ဖိုးထားခြင်း၊ အနီးကပ်ပံ့ပိုးခြင်းနှင့် ကာကွယ်ပေးခြင်း"ဟူသောမူဝါဒကို ဆက်လက်ကျင့်သုံးကာ ပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ချုံချင့်မြို့ပါတီကော်မတီအမြဲတမ်းကော်မတီဝင်နှင့် United Front Work Department ဝန်ကြီး ရှန်ကွေ့(Shang Kui)ကလည်း “မြို့နှစ်မြို့စီးပွားရေးစက်ဝန်းမဟာဗျူဟာကို စတင်အကောင်အထည်ဖော်ခဲ့သည့်အချိန်မှစ၍ စီချွမ်နှင့် ချုံချင့်တို့သည် ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက်မြှင့်တင်ခဲ့ပြီး ပါရှု(Bashu)ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော တွန်းအားတစ်ရပ်ဖြစ်လာခဲ့ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် နည်းပညာတီထွင်ဆန်းသစ်မှု၊ စက်မှုကွင်းဆက်ပူးပေါင်းဆောင်ရွက်မှု၊ ဝန်ဆောင်မှုမျှဝေခြင်းနှင့် ဈေးကွက်ပူးတွဲဖွံ့ဖြိုးရေးတို့ကို ပိုမိုမြှင့်တင်ကြရန်တိုက်တွန်းခဲ့ကြောင်း၊ ချုံချင့်မြို့အနေဖြင့်လည်း ဖွင့်လှစ်မှု၊ ပါဝင်မှု၊ အပြန် အလှန်အကျိုးရှိမှုနှင့် Win-Win ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လိုက်နာသွားမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းတိုးချဲ့ရေးနှင့် ဒေသဖြတ်ကျော်လုပ်ငန်းဖွံ့ဖြိုးရေးတို့အတွက် ဝန်ဆောင်မှုများပိုမိုပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ညီလာခံမတိုင်မီ စီချွမ်နှင့်ချုံချင့်မှ စီးပွားရေးလုပ်ငန်းများနှင့်ကုန်သည်အသင်းပေါင်း ၁၈၀ ကျော်သည် လဲ့ရှန်း High-tech Zone၊ဝူထုံချောင်(Wutongqiao)ခရိုင်၊မေရှန်း (Meishan)မြို့နှင့် ကျားကျန်း(Jiajiang)ခရိုင်တို့ကို သွားရောက်လေ့လာခဲ့ကြပြီး စွမ်းအင်သိုလှောင်မှုနည်းပညာ(New Energy Storage)၊ Green Chemical Industry၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ နျူကလီးယားနည်းပညာအသုံးချလုပ်ငန်း စသည့်အဓိကစက်မှုကဏ္ဍများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်း ရေးသားဖော်ပြထားပါသည်။

Source : The 4th Chengdu-Chongqing Twin-City Economic Circle Private Economy High-Quality Development Cooperation Conference was held in Leshan - Chongqing Daily

(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)

Category: International News